လောင်းလုံးမြို့ပေါ်မှာ အရပ်သားပစ်သတ်ခံရတာကို PDF လို့ သတင်းအမှားဖြန့်
Share:FacebookX

လောင်းလုံးမြို့ပေါ်မှာ အရပ်သားပစ်သတ်ခံရတာကို PDF လို့ သတင်းအမှားဖြန့်

လောင်းလုံးမြို့၊ လဝကရုံးရှေ့မှာဖွင့်လှစ်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာတဲ့ အရပ်သားတစ်ဦး အောက်တိုဘာလ ၃၁ရက် မနက်ပိုင်းမှာ ပစ်သတ်ခံရပါတယ်။

အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့က စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်တဲ့ PDF တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။

Subscribed လုပ်ထားသူ နှစ်သောင်းကျော်ကနေ ခုနစ်သောင်းနီးပါးအထိရှိတဲ့ “အမဲလိုက်မုဆိုးကြီး သတင်းမှန်” ၊ “Snow Queen” ၊ “Truth Media” နဲ့ “နေပြည်တော်” အမည်တွေနဲ့ တယ်လီဂရမ်ချန်နယ်လေးခုက အောက်တိုဘာလ ၃၁ ရက် ညနေ ၄နာရီခွဲနဲ့ ၅နာရီဝန်းကျင်မှာ ဖြန့်ချိခဲ့ကြပါတယ်။ အဲဒီချန်နယ်တွေရဲ့ ဖော်ပြချက်တွေကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

အမဲလိုက်မုဆိုးကြီးသတင်းမှန်ချန်နယ်ဖော်ပြချက်လင့် – https://t.me/az222222222222/33380

Snow Queen ချန်နယ်ဖော်ပြချက်လင့် – https://t.me/snowqueen023/77719

Truth Media ချန်နယ်ဖော်ပြချက်လင့် – https://t.me/Snowqueen1111233/31455

နေပြည်တော်ချန်နယ်ဖော်ပြချက်လင့် – https://t.me/KKM28640/7936

အထက်ပါချန်နယ်တွေရဲ့ ရေးသားဖြန့်ဝေမှုကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

■ ပန်းရံဆရာတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့၊ လဝကရုံးရှေ့ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းက ကဘူရွာသား အသက် ၄၀ ဝန်းကျင်အရွယ် ပန်းရံဆရာ ဦးကျော်ခိုင် ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ မျက်မြင်တွေ့ရှိသူတွေ၊ ဒေသခံတွေရဲ့ ပြောဆို ချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

ဦးကျော်ခိုင်ဟာ စစ်ဆေးရေးဂိတ်မှာရှိတဲ့ ဘယ်ရီဂိတ်တွေကို ဖယ်လို့ စစ်ကောင်စီတပ်သားတွေနဲ့ အချင်းများပြီး ပြန်လှည့်အထွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးတော့ သေဆုံးခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူရဲ့ ပြောပြချက်ကို ကိုးကားပြီး လောင်းလုံးဒေသခံတစ်ဦးက Dawei Watch ကို ပြောပါတယ်။

အထက်ပါဖြစ်ရပ်နဲ့ပတ်သက်လို့ Dawei Watch က အောက်တိုဘာလ ၃၁ ရက်မှာ ဖော်ပြခဲ့တဲ့ သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/1EAydwCdgb/

■ PDF တွေ လောင်းလုံး လဝကဂိတ်ကို တိုက်ခိုက်တာမရှိ

အောက်တိုဘာလ ၃၁ ရက်မှာ လောင်းလုံးမြို့ပေါ်က လဝကရုံးရှေ့ စစ်ဆေးရေးဂိတ်ကို PDF တွေအနေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောကြားတဲ့အကြောင်း ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Tanintharyi Times ကဖော်ပြပါတယ်။

လောင်းလုံး ပကဖကရော တခြားအဖွဲ့တွေပါ သွားရောက်ပစ်ခတ်တာမရှိဘူးလို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်က ဂိတ်ရှေ့ဖြတ်သွားတဲ့ သာမန်အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့တာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“လောင်းလုံးမှာ စစ်ကောင်စီဂိတ်ရှေ့ဖြတ်တဲ့ အရပ်သားတစ်ဦးကိုပစ်သတ်ပြီး PDF လို့ဝါဒဖြန့်” သတင်းခေါင်းစဉ်နဲ့ The Tanintharyi Times ကအောက်တိုဘာလ ၃၁ ရက်က ဖော်ပြတဲ့သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/1AW2r8d5N1/

ဦးကျော်ခိုင် မိသားစုနဲ့ နီးစပ်သူတစ်ဦးကလည်း “သူက ပန်းရံဆရာပဲ။ လက်နက်ကိုင်တာလည်း မရှိဘူး။ ဘာစစ်သင်တန်းမှ တက်ထားသူလည်းမဟုတ်ဘူး။ သာမန်အရပ်သားပဲ” လို့ Dawei Watch ကို ဖြေကြားပါတယ်။

■ ပစ်သတ်ခံရသူဟာ စိတ်ကျန်းမာရေးအနည်းငယ် ချို့ယွင်း

ပစ်သတ်ခံရသည့် ဦးကျော်ခိုင်ဟာ ယခုလပိုင်းအတွင်း စိတ်ကျန်းမာရေး အနည်းငယ်ချို့ယွင်းနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူက အခုလပိုင်းထဲမှာ ဂိုဏ်းဆေး (လောကီအစီအရင်) ထိုးပြီးနောက်ပိုင်း ဘိုးတော်လိုလို ဘာလိုလို နည်းနည်း စိတ်ဇဝေဇဝါ ဖြစ်ပြီး လျှောက်ပြောနေတယ်။ စိတ်အရမ်းကြီး မနှံ့တာမျိုးတော့မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

ကိုကျော်ခိုင်ဟာ စိတ်ကျန်းမာရေး မကောင်းသူဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးကလည်း RFA မြန်မာပိုင်း သတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

“မနက် ၉ နာရီဝန်းကျင်လောက်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ မြို့ပေါ်က စစ်တပ်ဂိတ်ကို ဆိုင်ကယ်မောင်းဖြတ်တယ်။ သူက စိတ်ကျန်းမာရေးမကောင်းတော့ အော်ပြီး ဖြတ်တယ်ပြောတယ်။ အဲဒီအချိန်မှာ ဂိတ်ထဲက လှမ်းပစ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်” လို့ ကိုရှဲဒိုးက ဖြေကြားထားတာကို RFA သတင်းမှာ ဖော်ပြပါတယ်။ RFA မြန်မာပိုင်းရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.rfa.org/burmese/news/military-launglon-civilian-killed-10312024142159.html

■ စိစစ်တွေ့ရှိချက်

လောင်းလုံး လဝကရုံး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာချိန် ပစ်သတ်ခံရသူဟာ ပန်းရံလုပ်ကိုင်နေတဲ့ အရပ်သားတစ်ဦး ဖြစ်တယ်ဆိုတာကို မိသားစုနဲ့ နီးစပ်သူတွေ၊ မျက်မြင်တွေ့ရှိသူနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်ခံရချိန်မှာ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရတာ မရှိဘူးဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဉ်အပေါ် ဖုံးကွယ်ဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက PDF တစ်ဦး အသေဖမ်းမိတယ်ဆိုပြီး အချိန်ကိုက် သတင်းအမှားဖြန့်ဝေခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

အလားတူ စစ်ကောင်စီတပ် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုးရာမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အခုလိုပဲ အသတ်ခံရသူတွေဟာ PDF လို့ သတင်းအမှားတွေ ဖြန့်ချိခဲ့ကြပါသေးတယ်။

အဲဒီဖြစ်ရပ်အပေါ် Dawei Watch က အချက်အလက် စိစစ်ဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/DaweiWatch/videos/2352641181735625

စာဖတ်သူတွေအနေနဲ့ သတင်းမှား၊ သတင်းတု၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .