ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲမှာ အေအေ စစ်သည်များ ကျဆုံးပြီး စစ်တပ်က စစ်ရေးအားသာနေတယ် ဆိုတဲ့ သတင်းအမှား
Share:FacebookX

ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲမှာ အေအေ စစ်သည်များ ကျဆုံးပြီး စစ်တပ်က စစ်ရေးအားသာနေတယ် ဆိုတဲ့ သတင်းအမှား

အောက်တိုဘာ ၃၁ – Federal FM/ Arakan Express News/ The Red Flag
ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲမှာ အေအေ စစ်သည်များစွာ ကျဆုံးပြီး စစ်တပ်က စစ်ရေးအားသာနေတယ် လို့ အောက်တိုဘာ ၂၉ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
Subscriber ၁၅,၉၀၀ ကျော်ရှိတဲ့ Ko Myo Win အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” အမ်း ကို လာတိုက်တဲ့ AA တွေ အကျအဆုံး များစွာနဲ့ တပ်လန်ကျသွားပါပြီ ။ လေကြောင်းပစ်ကူ နေ့ည မပျက် ပစ်ခတ်နေသလို အမ်းမြို့၏ အပေါ်စီးမှာ ရှိနေတဲ့ နတ်ရေကန် တောင်ကုန်းပေါ်ရှိ အမြောက်စခန်းမှ လက်နက်ကြီးပစ်ကူများကလည်း ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ပါတယ် ။ မိမိဘက်မှ စစ်သည် ၁ ဦးမျှ အကျအဆုံး မရှိကြောင်း ဝမ်းသာဖွယ်သတင်း အတိအကျ ရရှိပါတယ်။ အထိအခိုက် ဒဏ်ရာရသူတွေတော့ ရှိပါတယ် ” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။
Ko Myo Win တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၂၉,၂၀၀ ကျော်၊ like and react လုပ်သူ ၁,၇၀၀ ဦး ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.ph/CNSem
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM နဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီရဲ့ န.ပ.ခ စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ပြင်းထန်စွာတိုက်ခိုက်နေတဲ့ အကြောင်းအရာဟာ မှန်ကန်ပါတယ်။
သို့သော် အေအေက စစ်ကောင်စီရဲ့ တပ်ရင်းသုံးခုထက် မနည်းကို သိမ်းပိုက်ထားကြောင်းကိုလည်း ဖော်ပြထားကြတဲ့အပြင် အမ်းမြို့ ခမရ (၃၇၃) တပ်ရင်းမှူး နိုင်ဇော်အောင်နဲ့အတူ အရာရှိတစ်ဦး ဂျီဝမ်းတိုက်ပွဲအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် အမ်းယာယီစစ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကိုလည်း ရခိုင်ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားတဲ့အတွက် အောက်တိုဘာ၂၉ရက် အထိ စစ်ကောင်စီဘက်က တစ်ဦးမှ အကျအဆုံးမရှိဘဲ အေအေသာစစ်ရေး ရှုံးနိမ့်နေတယ်ဆိုတဲ့ အကြောင်းအရာဟာ တစ်စိတ်တစ်ပိုင်း မှားယွင်းနေပါတယ်။
“ဒီကနေ့ အပြင်းထန်ဆုံးကတော့ ၉၁၉ တပ်ဘက်မှာ။ (၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)။အဲ့တပ်က စစ်ကောင်စီတပ်သားတွေ ကစဥ့်ကလျားပဲထွက်ပြေးနေရတယ်။စစ်တပ်က နပခထဲကို ဟက်စကီးတွေနဲ့ လူတွေထပ်ချတယ်။အဓိက ကစစ်ကောင်စီ ချောင်ပိတ်သွားတဲ့အနေအထားပါ”လို့ အောက်တိုဘာလ ၃၀ ရက်နေ့ရဲ့ တိုက်ပွဲအခြေအနေကို မြို့ခံတဦးရဲ့ ပြောကြားချက်ကို People Spring က ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/1AuRZS3itC/
” အေအေ ဟာ အမ်းမြို့ရဲ့ ထွက်ပေါက် အရပ်လေးမျက်နှာစလုံးကို ပိတ်ဆို့ထားပြီ။ အမ်းလေဆိပ်ကိုလည်း လက်နက်ကြီးတွေနဲ့ တောက်လျှေက်ပစ်ခတ်နေတယ်။ မကြာခင်သိမ်းလိုက်တဲ့ မဲတောင်ဗျူဟာကုန်းဆိုရင် အမ်းရဲ့ ဘယ်နေရာကိုမဆို လက်နက်ကြီးနဲ့ အေအေ က ပစ်လို့ရသွားပြီ။ စစ်ကောင်စီတပ်သားတွေက ဂျောင်ပိတ်မိသွားပါပြီ။ အေအေ ရဲ့ ထိုးစစ်ကိုလည်း ခံနိုင်မှာ မဟုတ်ဘူး။ “လို့ ဒေသခံတစ်ဦးက Western News ကို ပြောကြားထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/19QpeQdeyq/
” တိုက်ပွဲက တအားပြင်းတယ်။ စစ်ကောင်စီကလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ နပခမှ လက်နက်ကြီးပစ်ကူပေးတယ်။ အေအေကလည်း လက်နက်ကြီး ပစ်တယ်။ အေအေ က ထိုးစစ်ဆင်ပြီး စစ်ရှိန်မြင့်တာ ပထမ အသုတ်အနေနဲ့ စရဖ တပ်ရဲ့ အလွန်က စစ်ကူပေးနေတဲ့ စရဖတပ်ဘက်ကို နောက်ဆုတ်လာရာမှာ အေအေ ဖက်မှ အသင့်စောင့်နေပုံရပါတယ်။ လက်နက်ကြီး ပစ်လိုက် တာအဲဒီနေရာ အနီးအနားကျပြီး စစ်ကောင်စီတပ်ဖွဲ့၀င် နှစ်ဦး ဒဏ်ရာ ပြင်းတယ်။ တပ်ဖွဲ့ဝင် အချို့သေကြတယ်”လို့ စစ်ရေးအရင်းအမြစ်တစ်ဦးရဲ့ ပြောကြားချက်ကို နိရဉ္စရာ သတင်းဌာနက ရေးသားထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/15W371jXfG/
သုံးသပ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမ်းမြို့သိမ်းတိုက်ပွဲမှာ အေအေဖက်က စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်ကလည်း လေကြောင်းပစ်ကူပေးကာ အပြင်းအထန် ခုခံနေရတယ်လို့ သိရပါတယ်။အမ်းမြို့သိမ်းတိုက်ပွဲအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပြင် စစ်ကောင်စီစခန်းတွေ အားလုံးကို အေအေက ပိတ်ဆို့ထားပြီး အမ်း-ပဒါန်းလမ်းကိုလည်း အေအေကထိန်းချုပ်ထားပါတယ်။စက်တင်ဘာလ ၂၆ရက်နေ့က စတင်ခဲ့တဲ့ အမ်းမြို့သိမ်းတိုက်ပွဲဟာ ယခုရက်ပိုင်းအတွင်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ထွက်ပေါက်တွေ အားလုံးကို အေအေက ပိတ်ဆို့ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ န.ပ.ခ စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ပြင်းထန်စွာတိုက်ခိုက်နေတဲ့ အကြောင်းအရာဟာ တစ်စိတ်တစ်ပိုင်း မှန်ကန်ပေမယ့် အေအေ စစ်သည်များစွာ ကျဆုံးပြီး စစ်တပ်က စစ်ရေးအားသာနေတယ် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က စစ်ကောင်စီ တပ်ရင်းတွေက လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့ရာက အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာကို ကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ ကျောင်းသားတစ်ဦး၊ ကျောင်းဆရာမတစ်ဦးအပါအဝင် အရပ်သား ၁၀ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ရပါတယ်။ဒါ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ ရခိုင်ဒေသအတွင်း စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အကြောင်းအရာတွေနဲ့ စစ်ရေးအခြေအနေအမှန်တွေကို ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawai Watch နဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .