စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့တဲ့ အရပ်သားတွေကို PDF လို့ သတင်းအမှားဖြန့်
Share:FacebookX

စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့တဲ့ အရပ်သားတွေကို PDF လို့ သတင်းအမှားဖြန့်

‌စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးလာချိန် အရပ်သားတွေကို သတ်ဖြတ်ခဲ့ပြီး အဲဒီဖြစ်ရပ်အပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အသတ်ခံရသူတွေဟာ PDF တွေ ဖြစ်တယ်ဆိုပြီး ဖြန့်ချိခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၆ ရက်က လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအနောက်တောင်ဘက် မီတာ ၁၇၀၀ ခန့်အကွာမှာ PDF တွေ ရှိနေလို့ စစ်ကြောင်းနဲ့ဝင်ရောက်ရှင်းလင်းရာမှာ PDF ရုပ်အလောင်းနှစ်လောင်းနဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ တယ်လို့ သတင်းအမှား ဖြန့်ချိကြတာပါ။

အဲဒီအ‌ကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ အမဲလိုက်မုဆိုးကြီး သတင်းအမှန်၊ တိုက်ပွဲ သတင်းစုံ၊ Snow Queen တို့က ရေးသားဖော်ပြကြပါတယ်။ တိုက်ပွဲသတင်းစုံနဲ့ Snow Queen တို့က အောက်တိုဘာလ ၁၇ရက်မှာ ဖော်ပြခဲ့ကြပြီး အမဲလိုက်မုဆိုးကြီး သတင်းအမှန်ကတော့ အောက်တိုဘာလ ၂၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အထက်ပါချန်နယ်သုံးခုရဲ့ ဖော်ပြချက်ကို အောက်တိုဘာလ ၂၅ရက် မနက်ပိုင်းအထိ မြင်တွေ့ထားသူ စုစုပေါင်း လေးသောင်း ရှိနေတာ တွေ့ရပါတယ်။ အဲဒီချန်နယ်တွေရဲ့ ဖော်ပြချက်တွေကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

တိုက်ပွဲသတင်းစုံ ဖော်ပြချက် (လင့်) – https://t.me/combatnews7723/5427

အမဲလိုက်မုဆိုးကြီး သတင်းအမှန် ဖော်ပြချက် (လင့်) – https://t.me/az222222222222/33281

Snow Queen ဖော်ပြချက် (လင့်) – https://t.me/snowqueen023/76471

ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက်က ညင်းမော်ကျေးရွာ ကြယ်တောင်တိုက်ပွဲအတွင်း PDF အလောင်းတစ်လောင်းနဲ့ လက်ပစ်ဗုံး တစ်လုံး၊ အိုင်ကွန်းတစ်လုံး သိမ်းဆည်းရမိခဲ့တယ်ဆိုပြီးလည်း သတင်းအမှား ဖြန့်ချိထားပါသေးတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://t.me/combatnews7723/5461

Dawei Watch အနေနဲ့ အထက်ပါဖြစ်စဉ်တွေကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ စစ်ကောင်စီတပ်က သတ်ဖြတ် သွားသူတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေ မဟုတ်ဘဲ အရပ်သားပြည်သူတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

အရပ်သားတွေ သတ်ဖြတ်ခံရ

အောက်တိုဘာလ ၁၆ရက်က စစ်ကောင်စီစစ်ကြောင်းဟာ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာမှာ အသက် ၃၀ ကျော်အရွယ် ဒေသခံလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပြီး အသက် ၇၀ကျော်အရွယ် အဘွားတစ်ဦးလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

အထက်ပါအကြောင်းအရာနဲ့ပတ်သက်လို့ Dawei Watch က အောက်တိုဘာလ ၁၈ရက်မှာ သတင်းဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/T92FJ7jVheNcyad8/

အောက်တိုဘာလ ၂၀ ရက်မှာ ညင်းမော်ဘုန်းကြီးကျောင်းအနီး လူငယ်နှစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနေရာမှာ စစ်ကောင်စီတပ် တပ်စွဲခဲ့တာဖြစ်ပြီး စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တာပါ။

အဲဒီလူငယ်နှစ်ယောက်မှာ တစ်ယောက်ကတော့ အောက်ရေဖြူကျေးရွာသား အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုကိုဆိုသူ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ကိုမင်းကိုကိုကို အောက်တိုဘာလ ၁၆ ရက်မှာ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီနောက်စစ်ကောင်စီတပ်က ကိုမင်းကိုကို သတ်ဖြတ်ပြီး မြေမြှုပ်အလောင်းစွန့်ပစ်ခဲ့ကြတာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျန်တဲ့ လူငယ်တစ်ယောက်ကိုတော့ မည်သူမည်ဝါ အတည်မပြုနိုင်‌သေးပါဘူး။

အဲဒီအကြောင်းနဲ့ပတ်သက်လို့ Dawei Watch က အောက်တိုဘာလ ၂၂ရက်မှာ သတင်းဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/3AwmUg37HzKDJepW/

စစ်ကြောင်းထိုးချိန် ဒေသခံတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Tanintharyi Times ရဲ့ သတင်းဖော်ပြချက်တွေကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/photo/?fbid=568082688942818&set=a.196212679463156

အောက်တိုဘာလ ၁၃ရက်ကနေ ၂၀ရက်အထိ ရှစ်ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုတွေထဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ထိခိုက်သေဆုံးမှု မရှိဘူးလို့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“(ပြည်သူ့ကာကွယ်‌ရေးပူးပေါင်း) တပ်ဖွဲ့တွေမှာ ကျဆုံးတဲ့သူ တစ်ယာက်မှ မရှိပါဘူး။ ဒဏ်ရာရတဲ့သူတောင် မရှိတာ” လို့ ပြောဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် ချယ်နယ်တွေမှာ ရေးသားနေသလို လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံရတယ်ဆိုတာလည်း မဟုတ်မှန်ဘဲ လက်နက်ငယ်တစ်လက်သာ အသိမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာက ဒေသခံတွေကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ သေဆုံးတာမကြားရဘဲ စစ်ကောင်စီတပ်က ပစ်သတ်လို့ သေသွားတဲ့သူတွေပဲ ရှိတယ်လို့ ပြောဆိုပါတယ်။

အလားတူပဲ အောက်တိုဘာလ ၂၀ ရက်တိုက်ပွဲမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သေဆုံးသူ မရှိခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောဆိုကြပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကလည်း လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပါတယ်။ ထားဝယ် သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်မှာကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/xzusSUwZDfVa2X1y/

တွေ့ရှိချက်

စစ်ကောင်စီစစ်ကြောင်းဟာ လောင်းလုံးမြို့နယ် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူကျေးရွာတွေဘက်ကို ရှစ်ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင် အလောင်းသုံးလောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်ဆိုတဲ့ အချက် ကတော့ မြေပြင်မှာတကယ်မဖြစ်ဘဲ လုပ်ကြံဖန်တီးပြီး သတင်းအမှားလွှင့်တာသာဖြစ်တာကို တွေ့ရပါတယ်။

တိုက်ပွဲကာလထဲ သေဆုံးသွားသူတွေဟာ အတည်မပြုနိုင်သေးတဲ့ လူငယ်တစ်ဦးကလွဲရင် ကျန်တဲ့သူတွေအားလုံးမှာ အရပ်သားတွေ ဖြစ်တယ်ဆိုတာကို နီးစပ်တဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူရဲ့ ပြောဆိုချက်တွေ ထားဝယ်သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီအရပ်သားတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတာကိုလည်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

သုံးသပ်ချက်

လောင်းလုံးမြို့နယ်အောက်ဘက် ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို သတ်ဖြတ် ခဲ့တဲ့ စစ်ရာဇဝတ်အမှုမြောက်တဲ့ဖြစ်ရပ်တွေ၊ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး လူသုံးကုန်ပစ္စည်းတွေကို အဓမ္မ‌ ယူဆောင်တာတွေ၊ ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တာတွေကို ကျူးလွန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ သတ်ဖြတ်မှု၊ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေကို PDF တွေ သေဆုံးတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက အချိန်ကိုက် သတင်းအမှားဖြန့်ပြီး ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့ သုံးသပ်ရပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလို ပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .