ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်က ခရီးသည် တစ်ရာဝန်းကျင်လိုက်ပါလာတဲ့ စက်လှေ တိမ်းမှောက်ပြီး ကျောင်းသား၊ကျောင်းသူတွေအပါအဝင် ခရီးသည် ၁၇ဦးသေဆုံးပြီး ကိုးဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ “အမဲလိုက်မုဆိုးကြီး သတင်းအမှန်” ချန်နယ် က သီတင်းကျွတ်ကျောင်းပိတ်ကာလ မိဘဆွေမျိုးတွေကို သွားရောက်ကန်တော့ကြချိန်မှာ PDF တွေက ကားလမ်းပိတ် ထားတာကြောင့် ရေလမ်းကသွားရာကနေ စက်လှေတိမ်းမှောက်ပြီး အသက်ဆုံးရှုံးကြရတယ်လို့ ရေးသားဖြန့်ချိကြပါတယ်။
ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာဆရာမတွေကို ရန်သူသဘောထားပြီး သတ်ဖြတ်တာတွေကြောင့် ရေးလမ်းကနေ မသွားချင်လည်း သွားခဲ့ရတာလို့လည်း ဖော်ပြထားပါတယ်။
လှေတိမ်းမှောက်မှုဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၂၂ ရက်မှာ ရေးသားဖြန့်ချိတာဖြစ်ပြီး အထက်ပါဖော်ပြချက်ကို မြင်တွေ့ထားသူ လေးထောင်ကျော်ရှိပြီး Reaction ပြုလုပ်ထားသူ ၇၇ ဦး၊ မှတ်ချက်ပေးသူ ၁၁ဦး ရှိပါတယ်။ Subscriber နှစ်သောင်းလေးထောင်ကျော်ရှိတဲ့ အဲဒီချန်နယ်ရဲ့ ဖြန့်ချိမှုကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/az222222222222/33269
အလားတူ ဖော်ပြချက်တခုကို အောက်တိုဘာလ ၂၄ ရက်မှာ အမဲလိုက်မုဆိုးကြီး ချန်နယ်က ထပ်ဖော်ပြခဲ့ပါတယ် ။ ဒီနေရာမှာကြည့်နိုင်ပါတယ် ။ https://t.me/az222222222222/33320
အဲဒီ တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ လှေတိမ်းမှောက်တဲ့ဖြစ်စဉ်ကို မှားယွင်းတဲ့အကြောင်းအရာနဲ့ ရောပြီး ဒေသတွင်း တော်လှန်ရေးအင်းအားစုတွေကို ပုံဖျက်ဖို့ကြိုးပမ်းတဲ့ ဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။
ကျောင်းသား ကျောင်းသူတွေ၊ စစ်ရှောင်တွေလိုက်ပါတဲ့ စက်လှေတိမ်းမှောက်
ခရီးသည် တစ်ရာဝန်းကျင်တင်ဆောင်ပြီး ကျောက္ကာကျေးရွာကနေ မြိတ်မြို့ကိုသွားတဲ့ ခရီးသည်တင်စက်လှေဟာ အောက်တိုဘာ ၂၀ ရက် ည ၉ နာရီခန့်မှာ ကျောက္ကာရွာအထွက် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့ပါတယ်။
အဲဒီညက မိုးရွာသွန်းတာမရှိပေမယ့် ရေစီးကြမ်းကာ လှိုင်းရှိနေခဲ့ပြီး စက်လှေဟာ ကျောက္ကာကျေးရွာကနေ မိနစ် ၂၀ ခန့် သွားရတဲ့နေရာမှာ နစ်မြုပ်သွားတာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီကနေ အောက်တိုဘာ ၂၂ရက်အထိ နောက်ဆုံးရရှိတဲ့အချက်အလက်အရ စက်လှေ နစ်မြုပ်ရာမှာပါဝင်သူ ၇၅ဦးကို ကယ်ဆယ်ထားနိုင်ပြီး သေဆုံးသူ ၁၇ ဦးနဲ့ ပျောက်ဆုံးသူ ကိုးဦးရှိနေတယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ ကျောင်းသွားတက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ စစ်ဘေးရှောင်တချို့ စက်လှေပေါ်မှာ လိုက်ပါခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောင်းသားတွေက ကျောင်းပိတ်လို့လာတာ (မြိတ်ကပြန်လာကြ) ။ (သီတင်းကျွတ်) ကျောင်းပိတ်ချိန် ပြန်လာပြီးတော့ အခု ကျောင်းဖွင့်မှာမလို့ ပြန်လိုက်သွားတာ” လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ ကျောက္ကာရွာက အရှင်သုန္ဒရက မိန့်ကြားပါတယ်။
ကျောက္ကာရွာ ပထဝီအနေအထားနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်
ကျောက္ကာရွာကို Google Map ကနေ ကြည့်လိုက်မယ်ဆိုရင် ရေပတ်လည်ဝိုင်းနေတဲ့ ပင်လယ်ကျွန်းရွာဖြစ်ပြီး ကုန်းလမ်း မရှိတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
ကျောက္ကာကျေးရွာဟာ ပင်လယ်အတွင်းက ကျွန်းပေါ်တွင်တည်ရှိပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ က စတင် တိုက်ပွဲ ပြင်းထန်နေတဲ့ မီးလောင်ချောင်းရွာနဲ့ အနီးဝန်းကျင်မှာ တည်ရှိပါတယ်။ မီလောင်းချောင်းရွာမှာ ရက်ရှည်ဖြစ်နေတဲ့ တိုက်ပွဲ ကြောင့် ကားတွေပိတ်နေတာကြောင့် ဒေသခံတွေက ရေလမ်းကနေ ခရီးသွားလာနေကြရပါတယ်။
ပင်လယ်ကျွန်းရွာဖြစ်တဲ့ ကျောက္ကာရွာသူ၊ ရွာသားတွေဟာ ပုလောမှာ ရက်ရှည်တိုက်ပွဲ မဖြစ်ခင်ကလည်း မြိတ်ကို သွားမယ် ဆိုရင် ရေကြောင်းခရီးကိုပဲ ရွေးချယ်သွားလာကြရပါတယ်။
“လှေနဲ့သွားရတာက ကုန်လမ်းပိတ်ထားလို့ မသွားရတာ မဟုတ်ဘူး။ အရင်ကတည်းကကို ရေလမ်းကြောင်းပဲရှိတယ်။ အခုက လှေမှောက်တာကတော့ လှေဝန်များပြီး ဝန်နဲ့အားမမျှတာကြောင့်လည်း ပါတယ်” လို့ ကျောက္ကာ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ မီးလောင်ချောင်းရွာပတ်ဝန်းကျင်က စစ်ဘေးရှောင်လာသူတချို့ကတော့ ရည်ရှည်တိုက်ပွဲကြောင့် ကားလမ်း ပိတ်နေတဲ့အတွက် ကျောက္ကာကနေ မြိတ်ကိုသွားဖို့ ရေကြောင်းခရီးနဲ့ လိုက်ပါခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက်ကစတဲ့ မီးလောင်ချောင်းနဲ့ ကြဲရွာပတ်ဝန်းကျင်က ရည်ရှည်တိုက်ပွဲတွေကြောင့် မြိတ်-ထားဝယ် ကားလမ်းပိုင်းမှာ ကားတွေပိတ်မိနေတာ အောက်တိုဘာ ၁၅ ရက်စပြီး အောက်တိုဘာ ၂၃ရက် အထိ ကားတွေဖြတ်သန်းသွားလို့ မရတော့ဘဲ ပိတ်မိနေတယ်လို့ ကုန်ကားမောင်းသူတွေနဲ့ ပိတ်မိနေတဲ့ ခရီးသွား တချို့က ပြောပါတယ်။
တိုက်ပွဲကြောင့် ကားလမ်းပိတ်နေတဲ့အခြေအနေအကြောင်း Dawei Watch က ဖော်ပြထားတဲ့ သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=pfbid028cL1u8RQvGpD1GdKkVG3AnGkVV6fgQK6ypxbaR7Ew7d3NxT1UynPdeY6yEbRN8GGl&id=100068080729972&mibextid=CDWPTG
တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို အသုံးမပြုကြဖို့ မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်းက အောက်တိုဘာ ၁၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ဟာ ခရီးသွားတွေကို ခြိမ်းခြောက်လိုတဲ့ ဆန္ဒနဲ့မဟုတ်ဘဲ စစ်ကောင်စီတပ်က အရပ်သားကားတွေကို အကာအကွယ်ယူ စစ်ကြောင်းထိုးလာမှာကို စိုးရိမ်လို့ ကြိုတင်မေတ္တာရပ်ခံ အသိပေးတာပဲဖြစ်တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တပ်ရင်း (၁) ရဲ့ ထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/fRkSTvBQAHkFRKSU/?mibextid=qi2Omg
တယ်လီဂရမ်ချန်က ယှဥ်တွဲဖော်ပြထားတဲ့ TikTok ရုပ်သံ
အမဲလိုက်မုဆိုးကြီး သတင်းအမှန် ချန်နယ်က ဖော်ပြချက်မှာ ယှဥ်တွဲဖော်ပြထားတဲ့ TikTok ရုပ်သံဖိုင်မှာ ကားလမ်း အသုံးပြုရင် PDF တွေက ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် စက်လှေစီးပြီး မြိတ်သို့ပြန်တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၄ ဦးလိုက်ပါလာတဲ့ စက်လှေ တိမ်းမှောက်တယ်လို့ ဆိုပါတယ်။
Dawei Watch က ဒေသခံတွေနဲ့ လှေနစ်မြှုပ်မှုမှာ ကူညီကယ်ဆယ်သူတွေကို အတည်ပြုချက်အရတော့ လှေမှာ လိုက်ပါခဲ့သူ အားလုံးဟာ ကျောင်းသားကျောင်းသူတွေမဟုတ်ဘဲ ဒေသခံတွေ၊ ကျောက္ကာကနေ မြိတ်ကိုသွားတဲ့ စစ်ဘေးရှောင်တွေလည်း လိုက်ပါခဲ့တယ်ဆိုတာကို သိရပါတယ်။
မြိတ်ခရိုင် တပ်ရင်း (၁) ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အရပ်သားပြည်သူတွေရဲ့ကားကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။ တိုက်ပွဲပြင်းထန်နေလို့ အန္တရာယ်များတဲ့အတွက် လမ်းကြောင်း အသုံးပြုသွားလာတာ မလုပ်ကြဖို့ ပြောဆိုတာပဲ ရှိတယ်လို့လည်း ပြောပါတယ်။
“အရပ်သားကားတွေကို အကြောင်းမဲ့ ပစ်ခတ်တာမျိုး မလုပ်ပါဘူး။ လမ်းပိုင်းမှာလည်း ကားတွေတားပြီး အတတ်နိုင်ဆုံး သေချာရှင်းပြတယ်” လို့ပြောပါတယ်။
ကားလမ်း ဘာလို့ပိတ်
မီးလောင်ချောင်းရွာကို အောက်တိုဘာ ၁၄ ရက်ကစတင်ကာ စစ်ကောင်စီတပ်သား ရာနဲ့ချီ အင်အားတိုးချဲ့ပြီး စစ်ကြောင်း ထိုးလာခဲ့တာကြောင့် အဲဒီနေ့ ညနေမှာပဲ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်တစ်ရက် အောက်တိုဘာ ၁၅ရက်မှာတော့ မီးလောင်ချောင်းရွာနဲ့ ကြဲရွာကြား ကားတွေ ဖြတ်သန်းလို့ မရတော့တာလို့ ကုန်ကားမောင်းသူများနှင့် ပိတ်မိနေသည့် ခရီးသွားတွေရဲ့ ပြောဆိုချက်တွေ အရသိရပါတယ်။ အောက်တိုဘာ ၁၆ရက်မှာ ဆိုရင် ကြဲရွာတစ်ဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
စိစစ်တွေ့ရှိချက်
ကားလမ်းပိတ်လိုက်လို့ ရေလမ်းအသုံးပြုသွားလာရတယ်ဆိုတာ ကျောက္ကာရွာအတွက် မမှန်ကန်တာ တွေ့ရပါတယ်။ ကျောက္ကာဟာ ပင်လယ်ထဲ ကျွန်းပေါ်က ရွာဖြစ်တာကြောင့် ကုန်းလမ်းမရှိလို့ နဂိုကတည်းက ရေလမ်းကနေပဲ သွားလာလို့ ရတဲ့ရွာဖြစ်ပါတယ်။
ဒါပေမဲ့ လှေနစ်မြှုပ်တဲ့ ဖြစ်စဉ်မှာ တိုက်ပွဲကြောင့် ကားလမ်းအသုံးမပြုနိုင်လို့ ကျောက္ကာရွာကနေ မြိတ်ကိုသွားမယ့် စစ်ဘေးရှောင် ဒေသခံတချို့ပါဝင်ခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒီဒေသခံတွေဟာလည်း စစ်ကောင်စီတပ် အင်အား တိုးချဲ့ စစ်ကြောင်းထိုးပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်နေလို့ ရေလမ်းကနေ ခရီးသွားလာရတယ်ဆိုတာကို တွေ့ရှိရပါတယ်။
ဒါကြောင့် စစ်ရေးပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုး ကြံရတဲ့ဖြစ်ရပ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တိုက်ပွဲအကျိုးဆက်ကြောင့် ဖြစ်လာတာကို PDF လမ်းပိတ်ဆို့လို့ဆိုပြီး တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချ ပုံဖျက်ဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်က အမှားအမှန် ရောထွေးပြီး အချိန်ကိုက် ရေးသားဖြန့်ချိတာအဖြစ် တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။