ထိုင်းရောက် မြန်မာနှစ်သိန်းနီးပါး ဖမ်းဆီးခံရဆိုတဲ့သတင်းအမှား
Share:FacebookX

ထိုင်းရောက် မြန်မာနှစ်သိန်းနီးပါး ဖမ်းဆီးခံရဆိုတဲ့သတင်းအမှား

ထိုင်းနိုင်ငံမှာ ယခုနှစ် ဇွန်လ ၅ ရက်က စတင်ခဲ့တဲ တရားမဝင်အလုပ်သမားရှာဖွေဖမ်းဆီးရေး ရက် ၁၂၀ စီမံချက် ကာလအတွင်း မြန်မာနိုင်ငံသားနှစ်သိန်းနီးပါး အဖမ်းခံရတယ်လို့ သတင်းဌာန ခြောက်ခုထက်မနည်းက ဖော်ပြသလို ထပ်ဆင့်ကူးယူဖော်ပြသူတွေများပြားတာကြောင့်လည်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။

အဲဒီသတင်းဖော်ပြချက်တွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စစ်ဆေးကြည့်ရာမှာတော့ အချက်အလက် အားဖြင့် မှားယွင်းနေတာကို စိစစ်တွေ့ရှိရပါတယ်။

“ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမားနှစ်သိန်းနီးပါး အဖမ်းခံရ” ၊ “ထိုင်းနိုင်ငံ၌ တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်၏ ၁၀၆ ရက်မြောက်တွင် မြန်မာလုပ်သားနှစ်သိန်းနီးပါး ဖမ်းဆီးခံရ” ၊ “ထိုင်းနိုင်ငံရဲ့ ရက်၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာ‌လုပ်သား နှစ်သိန်းနီးပါး ဖမ်းဆီးခံရ”၊ စတဲ့ သတင်းခေါင်းစဉ်တွေနဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ထဲမှာ သတင်းတွေဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်ရဲ့ ၁၀၆ ရက်မြောက်ဖြစ်တဲ့ စက်တင်ဘာ ၁၉ရက် အထိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခွဲကျော် ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာနိုင်ငံသားက နှစ်သိန်းနီးပါး ပါဝင်နေတယ် လို့ ထိုင်းအစိုးရသတင်းထုတ်ပြန်တယ်ဆိုပြီး ရေးသားခဲ့ကြတာတွေ့ရပါတယ်။

စက်တင်ဘာလ ၁၉ ရက်အထိ နေရာပေါင်း ၁၈,၈၁၅ ခုကို စစ်ဆေးခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမား ၂၅၆,၂၁၃ ဦးကို စစ်ဆေး ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ မြန်မာအလုပ်သမား ၁၉၃,၄၃၀ ပါဝင်တယ်လို့ ဖော်ပြကြပါတယ်။

◼ မြန်မာနှစ်သိန်းနီးပါး ဖမ်းဆီးခံရတာမဟုတ်

အထက်ပါ သတင်းဖော်ပြချက်ကိုတွေကို စိစစ်ကြည့်တဲ့အခါ မြန်မာနှစ်သိန်းနီးပါး ဖမ်းဆီးခံရတာမဟုတ်ဘဲ စိစစ်ခံရသူ အရေအတွက် ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အမှတ်တကယ် ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေဟာ တစ်ထောင်ကျော်ပဲ ရှိတယ်ဆိုတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားနှိမ်နင်းရေးကို စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေတာမှာ ရက်ပေါင်း ၁၀၆ ရက်အတွင်း မြန်မာအများစုအပါအဝင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းခွဲကျော်ကို စစ်ဆေးခဲ့ပြီး နှစ်ထောင် နီးပါးကို ဖမ်းဆီးအရေးယူခဲ့ တယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကစက်တင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီနှစ် ဇွန်လ ၅ ရက်ကနေ စက်တင်ဘာလ ၁၉ ရက်နေ့ထိ ရက်ပေါင်း ၁၀၆ ရက်တာကာလအတွင်း အလုပ်နေရာပေါင်း ၁၈,၈၁၅ နေရာက မြန်မာ ၁၉၃,၄၃၀ ဦး၊ ကမ္ဘောဒီးယား ၃၉,၇၃၆ ဦး၊ လာအို ၁၅,၂၈၁ ဦး၊ ဗီယက်နမ် ၁၆၂ ဦးနဲ့ အခြားနိုင်ငံသား ၇၆၀၄ ဦး စုစုပေါင်း နိုင်ငံခြားရွှေ့ပြောင်းလုပ်သားပေါင်း ၂၅၆,၂၁၃ ဦးကို စစ်ဆေးခဲ့တယ်လို့ ရွှေ့ပြောင်း လုပ်သား စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး နိုင်းဆုမ်ချိုင်း မောလ်ကွတ်ဆီဝမ်းက ပြောပါတယ်။ အဲဒီထဲက မြန်မာအလုပ်သမား ၁၁၄၉ ဦး၊ ကမ္ဘောဒီးယား ၂၅၉ဦး၊ လာအို ၂၅၇ ဦး၊ ဗီယက်နမ် ၃၁ဦးနဲ့ အခြားနိုင်ငံခြားသား ၁၃၄ ဦး ဖမ်းမိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ထိုင်းဘာသာနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ Dawei Watch က အဲဒီထုတ်ပြန်ချက်ကို ထိုင်ဘာသာစကားတတ်ကျွမ်းသူရဲ့ အကူအညီနဲ့ ဘာသာပြန်ဆိုဖော်ပြတာ ဖြစ်ပါတယ်။ အထက်ပါဌာနရဲ့ ထုတ်ပြန်ချက်ကိုတော့ အောက်ဖော်ပြပါ လင့်မှာ ကြည့်နိုင်ပါတယ်။
https://web.facebook.com/DoeCenter/posts/pfbid027Ep4Tur1CAHeeGVmWw3fRcrhm8mMXfRCpNdnnqGx1GFb3wP1rguDc9Y41KALvU3Ll

အထက်ပါ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ DVB သတင်းဌာနက ထိုင်းမှာ စီမံချက်ကာလအတွင်း မြန်မာအများစု အပါအဝင် ရွှေ့ပြောင်းအလုပ်သမားနှစ်သိန်းခွဲကျော် စစ်ဆေးခံရပြီး နှစ်ထောင်ကျော်အရေးယူခံရတယ်လို့ အောက်တိုဘာလ ၂ ရက်က သတင်းဖော်ပြတာတွေ့ရပါတယ်။

DVB ရဲ့ သတင်း ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ http://ftp.dvb.no/post/671349

အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch ကလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။

ထိုင်းမှာ စီမံချက်ကာလ ၁၀၆ ရက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့စက်တင်ဘာလ ၂၁ ရက် ထုတ်ပြန်ချက်ကို ကိုးကားပြီး Dawei Watch က စက်တင်ဘာလ ၂၃ ရက်မှာ သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာအလုပ်သမား ၉၁၄ ဦး ဖမ်းဆီးခံရပြီးနောက် တစ်လနီးပါးအကြာ နောက်ထပ် မြန်မာနိုင်ငံသား ၂၀၀ ကျော် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Dawei Watch ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.daweiwatch.com/23/09/2024/98444/

Bangkok Post သတင်းဌာနက အောက်တိုဘာလ ၆ ရက်က ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးရဲ့ ဖြေကြားချက်ကို ကိုးကားပြီး ဖော်ပြတဲ့ “Over 2,000 foreign nationals nabbed, Labour Ministry says” ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းမှာလည်း ရက် ၁၂၀ စီမံချက်ကာလအတွင်း မှာ မြန်မာလုပ်သား တစ်ထောင်ကျော်ဖမ်းခံရတယ်လို့ပဲ ဖော်ပြတာတွေ့ရပါတယ်။

စီမံချက်ပြီးဆုံးတဲ့ အောက်တိုဘာလ ၂ရက်အထိ စစ်ဆေးခံရတဲ့ နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းခုနစ်သောင်းကျော်အနက် စုစုပေါင်း ဖမ်းဆီးခံရသူ ၂,၀၆၃ ဦးမှာ မြန်မာနိုင်ငံသား ၁၂၈၉ ဦး၊ ကမ္ဘောဒီးယား ၂၈၁ ဦး၊ လာအို ၃၁၅ ဦး၊ ဗီယက်နမ် ၄၁ ဦး၊ အခြားနိုင်ငံသား ၁၃၇ ဦး ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်ရဲ့သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်ပို့စ် သတင်း ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.bangkokpost.com/thailand/general/2878202/over-2-000-foreign-nationals-nabbed-labour-ministry-says

◼ အလုပ်သမားတွေ စိုးရိမ်

ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အလုပ်သမားဌာန တာဝန်ခံ ကိုမင်းဦးကလည်း ရက် ၁၂၀ စီမံချက်ကာလအတွင်း မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“နှစ်သိန်းကျော်က စစ်ဆေးတဲ့ဦးရေပါ။ အဖမ်းခံရတဲ့ ဦးရေမဟုတ်ပါဘူး။ အရင်ကလည်း ပြောပြဖူးတာရှိပါတယ်။ အခုလို အယောက်ရေ သိန်းနဲ့ချီဖမ်းထားပြီး ဘယ်နားသွားထားမလဲ။ ဘယ်ကိုပို့ထားမလဲပေါ့နော်။ ရှင်းရှင်းလေးပါပဲ သူတို့(ထိုင်းအစိုးရ) စစ်ဆေးတဲ့ ဦးရေက အဲဒီလောက်ရှိတယ်။ အဲဒီထဲမှာ အားလုံးပေါင်း အယောက်နှစ်ထောင်ကျော်ဖမ်းမိတယ်။ မြန်မာက တစ်ထောင်ကျော် လောက်ပါတာပေါ့” လို့ သူက ပြောပါတယ်။

အခုလို မြန်မာနှစ်သိန်းကျော် အဖမ်းခံရတယ်ဆိုတဲ့ သတင်းပျံ့နှံ့မှုကြောင့် မြန်မာလုပ်သားတွေအကြားမှာ စိုးရိမ်မှု ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“တချို့တွေကတော့ စိုးရိမ်မှုရှိတာပေါ့။ ပြန်စဥ်းစားကြည့်ပြီး သတင်းအချက်အလက်ကို စိစစ်ကြည့်လိုက်ရင် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လက်တလောရိုက်ခတ်မှုတွေနဲ့ ပေါင်းစပ်ပြီး တွေးလိုက်ကြရင်တော့ တကယ်ပဲလားပေါ့။ အဲဒီလို စိုးရိမ်မှုတွေတော့ရှိသွားတယ်” လို့ ကိုမင်းဦး ကပြောပါတယ်။

◼ စိစစ်တွေ့ရှိချက်

အရေးယူခံရ ရာမှာ မြန်မာအလုပ်သမား ၁၁၀၀ ကျော်သာ ပါဝင်တယ်ဆိုတာကို ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက် ထုတ်ပြန်ချက်အရ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ထိုင်းမှာ ရက် ၁၂၀စီမံချက်အတွင်း မြန်မာနိုင်ငံသား နှစ်သိန်းနီးပါး ဖမ်းဆီးခံရတယ်ဆိုတာမဟုတ် စစ်ဆေးခံရတဲ့ ဦးရေနဲ့ ဖမ်းဆီးအရေးယူခံရတဲ့ ဦးရေကို သတင်းဌာနတချို့က မှားယွင်း သတင်းဖော်ပြတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းမှားတွေ၊ သတင်းတု၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .