၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်
(Fact Check) Delta News Agency/ The Red Flag
မိုးကုတ်မြို့မှာ ဆင်တွေကို အသုံးပြုပြီးတော့ တအာင်းတပ် TNLA က လက်နက်ခဲယမ်းများ စုဆောင်းနေ တယ်ဆိုကာ လူစီးနင်းလိုက်ပါလာတဲ့ ဆင်အများအပြား သွားလာနေတဲ့ ဓါတ်ပုံတွေနဲ့အတူ လူမှုကွန်ယက် မှာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
စစ်ကောင်စီ လော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ ဘညွန့် ကနေ စက်တင်ဘာလ ၃၀ ရက်မှာ “မိုးကုတ်က ပလောင်ပဒက်တွေကတော့ ဆင်တွေကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေ စုဆောင်းနေတယ်ဗျို” လို့ ရေး သားပြီး လူတွေစီးနင်းသွားလာနေတဲ့ ဆင်တွေပါ ဓါတ်ပုံ ၃ ပုံနဲ့အတူ ရေးသားဖြန့်ဝေတာကို တွေ့ရပါတယ်။
အဲဒီအကြောင်းအရာကို ကြည့်ရှုသူ ၁၄၇၉၇ ဦး၊ Like and React ပေးသူ ၃၂၇ ကျော်၊ မျှဝေသူ ၂၃ ဦးနဲ့ မှတ်ချက်ပေးသူ ၃ ဦးရှိတာကို တွေ့ရပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ စဉ့်ကူး၊ သပိတ်ကျင်းနယ်မြေထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ထိန်းသိမ်းထားတဲ့ ဆင်တွေထဲက ဆင်တချို့ မိုးကုတ်မြို့ကို ပြောင်းရွှေ့လာတဲ့ ပုံနဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
သတင်းမှားရေးသားထားတဲ့ အထဲက ဆင်တွေပါတဲ့ ဓါတ်ပုံ ၁ ပုံဟာဆိုရင် Mee Mee Zaw ဆိုတဲ့ Tiktok အကောင့်ကနေ “တွေ့မြင်ရခဲတဲ့ ဆင်ကြီးတွေ” လို့ရေးသားပြီး စက်တင်ဘာ ၂၉ ရက်မှာတင်ထားတဲ့ Video ဖိုင်ကို Screen Shot ပြုလုပ်ထားတဲ့ ပုံဖြစ်တာကို တွေ့ရှိရပါတယ်။
ကျန်တဲ့ ၂ ပုံကတော့ စက်တင်ဘာ ၂၈ ရက်မှာ Kyaw Zin Thant ဆိုတဲ့ Tiktok အကောင့်ကနေ “ ဆင်စီး ကြမလား” လို့ ရေးသားပြီး တင်ထားတဲ့ Video ဖိုင်ထဲက ဆင်တွေပုံကို Screen Shot ပြုလုပ်ထားတဲ့ ပုံဖြစ်တာကို တွေ့ရှိရပါတယ်။
မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းနယ်မြေတွေထဲ PLA ရဲ့ တပ်ရင်း-၂၂၂ က ထိန်းသိမ်းထားခဲ့တဲ့ ဆင်ဝိုင်း တွေက ဆင်တချို့ကို မိုးကုတ်မြို့ အနောက်ခြမ်းကျက်ပြင်ဒေသကို ယခင်အပတ်က ၇ ကောင်နဲ့ စက်တင် ဘာ ၂၅ ရက်မှာ ၁၀ ကောင် စုစုပေါင်း ၁၇ ကောင်ပြောင်းရွှေ့ပို့ဆောင်ထားတယ်လို့ Myanmar Free Press ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ကို မေးမြန်းရာမှာတော့ “ဆင်တွေကို တဝက်လောက်ကတော့ TNLA က တာဝန်ယူပြီး ဝိုင်းဝန်းကူညီထိန်းသိမ်းပေးမယ်ဆိုတဲ့အတွက် အဲဘက်ကို တဝက်လောက်ရောက် သွားတယ်ပေါ့နော်၊ ဒါပေမဲ့ ဆင်တွေကို ဘယ်လိုအသုံးချလဲ၊ ဘာလဲတော့ ကျွန်မတို့ အသေးစိတ်မသိရသေး ပါဘူး” လို့ PLA ရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောကြားပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က စက်တင်ဘာ ၃ ရက်မှာ“ မန္တလေးတိုင်းအတွင်းတိုက်ပွဲတွေ ကြောင့် သပိတ်ကျင်းနဲ့စဉ့်ကူးမြို့နယ်ထဲက ဆင်ဝိုင်း ၂၁ ဝိုင်း၊ ဆင် ၁၃၈ ကောင်ပါ ဆင်အုပ်နဲ့ ဆင်ထိန်း မိသားစုဝင်တွေဟာ PLA နယ်မြေက တောတောင်များထံ ဇူလိုင် ၁၀ ရက်မှ စတင်ရှောင်တိမ်းလာလို့ PLA ကစောင့်ရှောက်ထိန်းသိမ်းပြီး ပြည်သူ့ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ပြန်အပ်နှံကာ ပြည်သူပိုင်ရတနာ အဖြစ် ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
အလားတူ PLA တပ်ဖွဲ့ စစ်ရေးလှုပ်ရှားနေတဲ့ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဆင်ဝိုင်း ၂၁ ဝိုင်းက ဆင် ၁၃၈ ကောင်၊ ဆင်ထိန်းတွေနဲ့ မိသားစုဝင်တွေဟာ ဘေးလွတ်ရာရှောင်ပြေးရင်း PLA တပ်ဖွဲ့လက်ထဲ ရောက်လာလို့ ထိန်းသိမ်းထားပြီး ပြည်သူ့ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ရင် ပြန်လည်အပ်နှံသွားမယ် လို့ RFA , Myanmar Now နဲ့ DVB တို့က ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
☑️သုံးသပ်ချက်
PLA စောင့်ရှောက်ထားတဲ့ စဉ့်ကူးနယ်က ဆင်တချို့ မိုးကုတ်မြို့ကို ရွှေ့ပြောင်းပို့ဆောင်စဉ် မိုးကုတ်မြို့ခံ တွေက ဆင်တွေကို ကြိုဆိုအစာကျွေး ဓါတ်ပုံ/ဗွီဒီယိုရိုက်ကူးတာတွေပြုလုပ်ပြီး သူတို့ရဲ့ လူမှုကွန်ယက် ပလက်ဖောင်းတွေမှာ တင်ထားတဲ့ ပုံတွေကို ကူးယူပြီး TNLA က ဆင်တွေနဲ့လက်နက်ခဲယမ်းစုဆောင်းနေ တယ်ဆိုပြီး ပုံဖျက်ရေးသားဖြန့်ဝေထားတာသာ ဖြစ်တာကို တွေ့ရပါတယ်။
သတင်းမှားဖြန့်ဝေထားတဲ့ ပုံတွေနဲ့ Tik Tok တွေမှာတင်ထားတဲ့ မူရင်းဗွီဒီယိုဖိုင်တွေထဲမှာလဲ ဆင်တွေပေါ် မှာ လက်နက်ခဲယမ်းတွေ တင်ပြီး သယ်ဆောင်ထားတာ မတွေ့ရှိရပါဘူး။
ဒါကြောင့် မိုးကုတ်မြို့မှာ TNLA က ဆင်တွေနဲ့ လက်နက်ခဲယမ်းတွေစုဆောင်းနေတယ်လို့ ရေးသားဖြန့်ဝေ မှုဟာ မိုးကုတ်မြို့ကို စဉ့်ကူးဘက်က ဆင်တချို့ ရွှေ့ပြောင်းရောက်လာချိန်ရိုက်ကူးထားတဲ့ Video ထဲက ပုံ တွေကို ရယူပြီး လိမ်လည်ရေးသားထားတဲ့ သတင်းမှားဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင် ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork