အောက်တိုဘာ ၃ – Arakan Express News/ The Red Flag
ရခိုင်ပြည်မှာ အေအေက အမ်းမြို့အတွင်း ကျေးရွာတွေက ရွာသားတွေကို မောင်းထုတ်နေပြီး ရွာသားများတွေနဲ့အတူ အေအေ စစ်သည်တွေပါ ရောနှောဝင်ရောက်ပြီး စစ်ဆင်ရေး ဖော်ဆောင်ဖို့ပြုလုပ်နေတယ်လို့ စက်တင်ဘာ ၂၈ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
Subscriber ၃၀,၉၀၀ ကျော်ရှိတဲ့ နေပြည်တော် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “အမ်းမြို့မှာတိုက်ပွဲတွေဖန်တီးနိုင်ဖို့နဲ့ အေအေသတင်းပေါက်မှာစိုးလို့မြေပုံမြို့နယ်၊ ကဇူးကိုင်းရွာနဲ့အမ်းမြို့နယ်၊ ခမောင်းတောရွာကြားက ရွာတွေမှာနေတဲ့ ရွာသူရွာသားတွေကို အေအေ လက်နက်ကိုင်အဖွဲ့ကအမ်းမြို့ဘက်ကို အတင်းအဓ္ဓမ မောင်းထုတ်နေတယ်” လို့ ဝါဒဖြန့်ချီရေးသားခဲ့ပါတယ်။
နေပြည်တော် တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ အောက်တိုဘာလ ၃ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၅,၈၀၀ ကျော်၊ like and react လုပ်သူ ၇၄ ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် https://archive.md/rc6of
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်ကြတဲ့ ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံထားရသူတွေကို အမ်းမြို့ရှိ ကံ့ကော်တစ်ထောင် ဘုရားတောင်ပေါ်တွင် ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။
“တိုက်ပွဲဖြစ်တာနဲ့ အနီးအနားပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေဟာ ဒီရွာသာယာအနီးမှာ တိမ်ရှောင်ကြတယ်။ တိုက်ပွဲက ပိုပြီးပြင်းလာမယ့် အနေအထားဖြစ်နေတော့ အမ်းမြို့ပေါ်ကို တိမ်းရှောင်တဲ့အခါ ကံ့ကော်တစ်ထောင်မှာ တပ်စွဲနေထိုင်တဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာ။ ဒီကနေ့အချိန်ထိတော့ တစ်ယောက်မှ ပြန်လွတ်မလာသေးဘူး” လို့ သတင်းရင်းမြစ်တစ်ဦးက DMG သတင်းဌာနကို ပြောထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/bVXsmVYcXTwdvJVj/?mibextid=oFDknk
အမ်းမြို့ပြင်ပ ကျေးရွာတွေမှာလည်း စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းပြပြီး ဒေသခံတွေကို စွပ်စွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ည ၁၀ နာရီလောက်က ရဲတွေနဲ့ စစ်သားတွေလာပြီး ဖမ်းသွားတယ်။ ဘာဖြစ်လို့ ဖမ်းသွားတယ်ဆိုတာက ပထမ မပြောဘူး။ စခန်းရောက်မှ စားကုန်တွေ၊ ဓာတ်ဆီတွေ၊ ဆေးဝါးတွေ ခိုးထုတ်တယ်ဆိုပြီး ဖမ်းတယ်လို့ ပြောတယ်။ တကယ်က သူ့မှာ လက်ရှိ အလုပ်တောင် မရှိဘူး။ မတရားဖမ်းသွားတာပါ” လို့ စက်တင်ဘာလ ၂၆ ရက် ညက ရဲနဲ့ စစ်သားတွေ ဖမ်းဆီးသွားတာကို ခံခဲ့ရသူရဲ့ မိသားစုနှင့်နီးစပ်သူ တစ်ဦးက Western News သတင်းဌာနကို ပြောထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/t29pzdTXYEkKmqff/?mibextid=oFDknk
စစ်ကောင်စီဟာ အမ်းမြို့တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်အများအပြားကျဆုံးခဲ့တဲ့အတွက် စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်ကာ နေ့ည အချိန်တိုင်း စစ်ကြောင်းတွေနဲ့ သွားလာနေတာကြောင့် ဒေသခံ မြို့နေပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
“အမ်းမြို့အနီးဝန်းကျင်မှာ အေအေနဲ့ စစ်ကောင်စီတို့ စစ်ရေးအခြေအနေ တင်းမာနေပြီး အမ်းမြို့ အတွင်း အရေးကြီးတဲ့ နေရာတွေကို စစ်အင်အား တိုးချထားပြီး လုံခြုံရေးကို အထူးတင်းကျပ်ထားတယ်” လို့ နိရဉ္စရာ သတင်းဌာနက ရေးသားထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://burmese.narinjara.com/news/detail/66f9fd8d6789c5593e55a751
သုံးသပ်ချက်
ရခိုင်ပြည်မှာ အေအေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေတဲ့ အကြောင်းအရာဟာ မှန်ပေမယ့် အေအေက အမ်းမြို့အတွင်း ကျေးရွာတွေက ရွာသားတွေကို မောင်းထုတ်နေပြီး ရွာသားများတွေနဲ့အတူ အေအေ စစ်သည်တွေပါ ရောနှောဝင်ရောက်ပြီး စစ်ဆင်ရေး ဖော်ဆောင်ဖို့ပြုလုပ်နေတယ် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ရခိုင်စစ်မြေပြင်မှာ စစ်ရေး ရှုံးနိမ်နေတဲ့ စစ်ကောင်စီဟာ စစ်ရေးအရှိန်မြှင့်တင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ကာ နေ့ည အချိန်တိုင်း စစ်ကြောင်းတွေနဲ့ သွားလာနေတာကြောင့် ဒေသခံ မြို့နေပြည်သူတွေ စိုးရိမ်နေကြရတာကိုသာ စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်နေတဲ့အတွက် ပြည်သူတွေကို ဦးတည်တိုက်ခိုက်လာတာတွေကိုလည်း မြင်တွေ့ရပြီး မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတာ တွေ့မြင်ရပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ စစ်ရေးအခြေအနေအမှန်တွေကို ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork