အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ PDF တွေ ဖမ်းမိတယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ PDF တွေ ဖမ်းမိတယ်ဆိုတဲ့သတင်းအမှား

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းဘုရင့်တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ PDF တွေ ဖမ်းမိတယ်လို့ တယ်လီဂရမ်ချန်နယ်တစ်ခုက ဖြန့်ချိနေပါတယ်။

“ဖမ်းဆီးခံရသူများမှာ ကျား၂၁၂ ဦး၊ မ၅၂ ဦးပါဝင်ပြီး KNU နယ်မြေထဲမှ ထွက်ပြေးခိုးဝင်လာတဲ့ PDF တွေ အများအပြား လည်း ဖမ်းဆီးခံခဲ့ရတာပါ” ဆိုပြီး Truth Media တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်မှာ ရေးသားထား ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media ကို subscriber ပြုလုပ်သူ နှစ်သောင်းခွဲကျော်ရှိပြီး အထက်ပါအကြောင်းအရာ ဖော်ပြချက်ကိုကြည့်ရှူသူ တစ်သောင်းလေးထောင်က ရှိပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/Snowqueen1111233/30430

အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို တွေ့ရှိရပါတယ်။

အယုဒ္ဓယမှာ မြန်မာလုပ်သား ၂၇ဝ ကျော် ဖမ်းဆီးခံရ

အယုဒ္ဓယခရိုင်၊ အူထိုင်းဒေသမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင် လုပ်ကိုင်နေတယ်ဆိုပြီး မြန်မာအလုပ်သမား ၂၇၀ ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၂၄ ရက် မနက် ၆နာရီလောက်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ထိုင်းလဝကရဲတပ်ဖွဲ့နှင့် နယ်မြေခံအရာရှိတွေက ကွင်းဆင်းစစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အူထိုင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်၊ ထိုင်းသတင်းဌာန Bangkok Post သတင်းဌာနရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြထားပါတယ်။

အလုပ်သမားတန်းလျားတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၇၂ ဦး ဖမ်းဆီး ခံခဲ့ကြရတာဖြစ်ပြီး သူတို့အားလုံးမှာ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် စာရွက်စာတမ်းများ မတွေ့ရဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေဟာ မြဝတီ-မဲဆောက်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာကြခဲ့တာဖြစ်ပြီး ဒီလို ဝင်ရောက်ဖို့အတွက် ပွဲစားကို ဘတ်နှစ်သောင်းခန့် ပေးခဲ့ရတယ်လို့ မြန်မာတွေ ထွက်ဆိုတဲ့အကြောင်းလည်း သတင်းဖော်ပြချက်မှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာပြီး အလုပ်လာလုပ်ကြတာဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောဆိုထားကြပါတယ်။

ဖမ်းဆီးခံရသူတွေကို အူထိုင်းရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူပြီးရင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/sW4yMqeMnbnu6RTo/?mibextid=xfxF2i

ထိုင်းရောက်မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်နေတဲ့ ဦးမိုးကြိုးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး VOA သတင်းဌာနက သတင်းဖော်ပြချက်မှာလည်း ဖမ်းဆီးခံရသူတွေဟာ အလုပ်သမားတွေဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကျွမ်းကျင်မှုအလိုက် လုပ်အားခတစ်ရက်ကို ဘတ် ၅၀၀ မှ ၆၀၀ အထိ ရရှိကြတယ်လို့VOA သတင်းက ဆိုပါတယ်။

“သူတို့ကိုစစ်ဆေးတဲ့အခါမှာ သူတို့ဟာ မြ၀တီ-မဲဆောက်တောလမ်းကနေ လာကြကြောင်း၊ ပွဲစားကို ဘတ် ၂ သောင်းပေးပြီး ထိုင်းကိုဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းခွင်ကို ချက်ချင်းဝင်ပြီး အလုပ်ကြမ်းသမားက တနေ့ ဘတ် ၅၀၀ ရပြီး ကျွမ်းကျင်သူက တနေ့ကို ဘတ် ၆၀၀ ထိရတယ်လို့ ပြောပါတယ်။ သူတို့တွေဟာမြန်မာနိုင်ငံမှာ စစ်မှုထမ်း ဥပဒေကို ကြောက်ရွံ့တဲ့အတွက် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေလာတယ်လို့ ထွက်ဆိုချက်ပေးပါတယ်” လို့ ဦးမိုးကြိုးရဲ့ ပြောဆိုချက်ကို သတင်းမှာ ဖော်ပြထားပါတယ်။

VOA ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://burmese.voanews.com/a/thai-myanmar-migrant-workers-undocumented-workers-myanmarmigrant-workers/7799416.html

ဒေသခံ ထိုင်းအရာရှိ တစ်ဦးကလည်း အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဝင်ရောက် စီးနင်းပြီး မြန်မာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေခဲ့ဖူးကြောင်း ပြောပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက် လို့ People Spring သတင်းဌာနက Bangkok post ကို ကိုးကားဖော်ပြထားတာ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/v/qpadrwU2xLZnzL3H/?mibextid=xfxF2i

Bangkok Post သတင်းဖော်ပြချက်ကိုလည်း အောက်ဖော်ပြလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.bangkokpost.com/learning/easy/2871866/hundreds-of-illegal-workers-arrested-in-ayutthaya

မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ MATICHON ONLINE ထိုင်းသတင်းကို ကိုးကားပြီး DVB သတင်းဌာနက ဖော်ပြတဲ့သတင်းကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.dvb.no/post/670378

အဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက် လုပ်ကိုင်နေတဲ့တဲ့ မြန်မာအလုပ်သမားတွေ ဖြစ်တယ် ဆိုတာကို ထိုင်းအာဏာပိုင်တွေဆီမှာ ကာယကံရှင် မြန်မာအလုပ်သမားတွေရဲ့ ဝန်ခံချက်၊ အူထိုင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံး ရဲ့ ထုတ်ပြန်ချက်၊ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်၊မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်အရ စိစစ်တွေ့ရှိရပါတယ်။

သုံးသပ်ချက်

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ဆိုတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါဘူး။ အဲဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖြန့်ချိတဲ့ ဖမ်းဆီးခံရသူတွေဟာ KNU နယ်မြေကလာတဲ့ PDF တွေ ဖြစ်တယ်ဆိုတာကတော့ သက်သေခိုင်ခိုင်မာမာ မပြနိုင်တဲ့ စွပ်စွဲချက် သက်သက်သာ ဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာတွေနဲ့ပတ်သက်လို့ ထိုင်းအရပ်ဖက်အဖွဲ့အစည်းတချို့က မြန်မာသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတာတွေ ရှိလာချိန်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကလည်း အချိန်ကိုက် သတင်းအမှားတွေ ဖြန့်ဝေတာ၊ အလုပ်သမားတွေကို လက်နက်ကိုင်အဖွဲ့ဝင်တွေလို့ ပုံဖော်တာတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။

ထိုင်းမှာ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရရင် PDF ဖြစ်တယ်၊ လက်နက်ကိုင်တွေဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေက သတင်းအမှားတွေ ဖြန့်ချိတာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်လာတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အဖွဲ့ရဲ့ တာဝန်ခံ ကိုမုန်တိုင်းကပြောပါတယ်။

“အထောက်အထားမရှိလို့ အဖမ်းခံရတဲ့ဖြစ်စဉ်တွေဟာ မြန်မာပြည်မှာ အာဏာမသိမ်းခင်ကတည်းက ထိုင်းမှာရှိပါတယ်။ ပြီးတော့ သူတို့ (စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ) ပြောသလို ဒီနိုင်ငံထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်အနေနဲ့ နေလို့မရပါဘူး။ အများစုက ကိုယ့်နိုင်ငံမကောင်းလို့ ဒီဘက်ထွက်လာပြီး အလုပ်လုပ်ကြတဲ့သူတွေ များပါတယ်။ သူတို့က ပြည်တွင်းမှာ ပြည်သူတွေ အဖမ်းခံရလည်း PDF လို့ တံဆိပ်ကပ်နေတာ ပုံမှန်လိုဖြစ်နေပါပြီ” လို့ သူက ပြောပါတယ်။

Truth Media တယ်လီဂရမ်ချန်နယ်ဟာ ထိုင်းမှာ မြန်မာအလုပ်သမားတွေ၊ မြန်မာနိုင်ငံသားတွေ အကြောင်းတစ်စုံတစ်ရာ ကြောင့် ဖမ်းဆီးခံရတိုင်း PDF တွေ ဖြစ်တယ်လို့ တံဆိပ်ကပ်ဝါဒဖြန့်ချိတာ လုပ်ဆောင်လေ့ရှိပါတယ်။

ကန်ချနဘူရီမှာ ကရင်လူမျိုး ၃ဝ ဦး ဖမ်းမိတာကိုလည်း PDF တွေလို့ တံဆိပ်ကပ်ပြီး သတင်းအမှားဖြန့်ချိခဲ့ပြီး အဲဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/v/pjY1Kfh7WGBxN6e7/?mibextid=D5vuiz

ဒါ့အပြင် ကန်ချနဘူရီမှာ မြန်မာနိုင်ငံသားအချို့ဖမ်းဆီးခံရတာကိုလည်း PDF လို့ တံဆိပ်ကပ် သတင်းအမှားဖြန့်တာနဲ့ ပတ်သက်လို့လည်း Dawei Watch က အချက်အလက် စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.daweiwatch.com/31/10/2023/66534/

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .