စစ်ကောင်စီတပ် ရခိုင်ပြည်၊ တောင်ကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲရာ အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်များကို ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

စစ်ကောင်စီတပ် ရခိုင်ပြည်၊ တောင်ကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲရာ အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်များကို ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းအမှား

 

စက်တင်ဘာ ၂၈ – AEN/TRF

စစ်ကောင်စီတပ်က ရခိုင်ပြည်၊ တောင်ကုတ်မြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာမှာ အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်တွေကို ထိမှန်ခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber ၄၅,၈၀၀ ကျော်ရှိတဲ့ Min Chit Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ တောင်ကုတ် တန်းလွဲရွာမမြို့ရဲ့ ရပ်ကွက်ထဲက ပြည်သူတွေရဲ့ အဆောက်အဦး ထိခိုက်ပျက်စီးတဲ့ ရုပ်သံ/ဓာတ်ပုံတွေကို ကူးယူပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်တွေကို ထိမှန်ခဲ့တယ်လို့ ဝါဒဖြန့်ချီရေးသားခဲ့ပါတယ်။

Min Chit Oo တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၄၅,၀၀၀ ကျော်၊ like and react လုပ်သူ ၂၀၁ ကျော်ရှိပါတယ်။

သတင်းအမှားလင့်ခ် https://archive.ph/Gl371

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

Min Chit Oo တယ်လီဂရမ်ချန်နယ်က အသုံးပြုထားတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေကို ရှာဖွေစစ်ဆေးကြည့်တဲ့အခါ တန်းလွဲဌာ‌နီ ဖေ့ဘုတ်ပေ့ခ်ျမှ တန်းလွဲရွာမမြို့အား စစ်ကောင်စီမှ ဗုံးကြဲမှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ၊ အဆောက်အအုံပျက်စီးမှုတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

တန်းလွဲဌာ‌နီက “24/9/2024 နေ့ ညနေ ၈ နာရီ ခန့်က စစ်ကောင်စီ တပ်က တန်းလွဲရွာမမြို့ ဗုံးကြဲ သွားတာကြောင့် ၂ ဦးသေဆုံး ၊ ၃ ဦး ဒါဏ်ရာရ လောလောဆယ် သိရတယ်။ ရခိုင်ပြည် မြောက်ပိုင်းကလူတွေ၊ ရခိုင်ပြည် တောင်ပိုင်း သံတွဲ တောင်ကုတ် ဂွတို့ဘက်က လူတွေ ခေတ္တ စစ်ဘေးရှောင်တွေ ခိုလုံရာ အေးချမ်းတဲ့ ကျွန်တော်တို့ မြို့ရွာလေးပါ” လို့ ဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/Eaq2d9V8AqWfq1Rr/?mibextid=oFDknk

ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့ကို စက်တင်ဘာ(၂၄)ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းဝင်းအနီးသို့ ဗုံးကျရောက်ခဲ့ပြီး အနီးရှိ စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားတစ်ယောက်အပါအဝင် အရပ်သားနှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

AEN သတင်းဌာနမှ တန်းလွဲရွာမမြို့ရှိ ဒေသခံပြည်သူများအား ဆက်သွယ်မေးမြန်းခဲ့ရာ “စစ်ကောင်စီတပ်ရဲ့ဂျက်တိုက်လေယာဉ်ပေါ်က ကြဲချတိုက်ခိုက်လိုက်တဲ့ ဗုံးဟာ တန်းလွဲရွာမမြို့ရဲ့ ရွာသစ်ဈေး၊ ရွှေပြည်သာဆိပ်ကမ်းနဲ့ ရဲစခန်းအနီးမှာ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်းအပြည့်အစုံကို ဖတ်ရန် လင့်ခ် – https://www.facebook.com/share/v/JN3nKpUTfhrNbFYf/?mibextid=oFDknk

တန်းလွဲရွာမမြို့ခံတစ်ယောက်က “ဗုံးကြဲတိုက်ခိုက်မှုအတွင်း တန်းလွဲရွာမြို့ရဲစခန်းခြံဝင်းထဲက အဆောက်အအုံ တချို့အပါအဝင် အနီးအနားက နေအိမ်တချို့နဲ့ ရေသန့်စက်တို့ ဗုံးထိမှန်ပျက်စီးခဲ့တယ်” လို့ နိရဉ္စရာ သတင်းဌာနမှာ ပြောထားပါတယ်။

သတင်းအပြည့်အစုံကို ဖတ်ရန် လင့်ခ် – https://burmese.narinjara.com/news/detail/66f39968f3fb770b97cf63f4

” ရွာမက EPC ဝန်ထမ်း ၂ ဦးကို AA က ဖမ်းသွားပြီး မီတာခတွေကိုပါ သိမ်းသွားတယ်။ ဝန်ထမ်း ၂ ဦးတော့ ပြန်လွှတ်ပေးလိုက်တယ်။ မီတာခ ပိုက်ဆံတွေကိုတော့ ယူထားလိုက်တယ်။ မီတာခ ပိုက်ဆံ ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်မသိဘူး။ အဲဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီက ရွာမမှာ AA ရှိတယ်ထင်ပြီး မနေ့ညက ဗုံးလာကြဲတာ” လို့ တန်းလွဲရွာမမြို့ခံတစ်ယောက်ရဲ့ ပြောဆိုချက်ကို Western News သတင်းဌာနက ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို ဖတ်ရန် လင့်ခ် – https://www.facebook.com/share/p/1buTrgmRSp3Ad4E9/?mibextid=oFDknk

သုံးသပ်ချက်

တန်းလွဲရွာမမြို့ကို စစ်ကောင်စီက စက်တင်ဘာ (၂၄) ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဟာ မှန်ကန်ပေမယ့် အေအေ ရဲ့ ထောက်ပို့ကား၊ ဂိုထောင်တွေကို ထိမှန်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

အမှန်တကယ်ဟာ တန်းလွဲရွာမြို့ရဲစခန်းခြံဝင်းထဲက အဆောက်အအုံ တချို့အပါအဝင် အနီးအနားက နေအိမ်တချို့နဲ့ ရေသန့်စက်တို့ ဗုံးထိမှန်ပျက်စီးခဲ့တာဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

တောင်ကုတ်မြို့ဟာ စစ်ကောင်စီ လက်အောက်မှာ ရှိနေဆဲ မြို့တစ်မြို့ဖြစ်ပေမယ့် အေအေနဲ့ စစ်ရေးတင်းမာနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒေသခံတွေက လျှပ်စစ်အသုံးပြုခ မီတာကြေး မပေးဆောင်လို့ဆိုပြီး တောင်ကုတ်မြို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က တန်းလွဲဒေသကို မီးဖြတ်ထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက လာရောက် ဗုံးကြဲခြင်းဟာ တန်းလွဲကျေးရွာအတွင်း AA တပ်သားတွေ ရှိတယ်ဆိုတဲ့အထင်နဲ့ ဗုံးကြဲတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး အေအေတပ်ဖွဲ့၀င်တွေ ရှိနေတာကြောင့် ဗုံးကြဲရခြင်းဖြစ်တယ်လို့ လိမ်လည်ဝါဒဖြန့်ချိမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .