By MPA + Shan News + The Red Flag
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် စျေးထဲရှိပစ္စည်း များ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Subscriber ၃၀၀၀၀ ကျော်ရှိသည့် နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ် က စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်စီးနေသည့် အဆောက်အဦးဓာတ်ပုံကို အသုံးပြုပြီး “နောင်ချိုမြိုမစျေးထဲခိုးယူလုယက်၊ ဖောက်ဝင်အကြမ်းဖက်တဲ့TNLAအဖွဲကိုဗုံးကြဲသုတ်သင်ရှင်းလင်း/ယနေ့စက်တင်ဘာ(၂၁)ရက်နေ့ နံနက်(၇) နာရီ ကျော် တွင် မြိုမစျေးထဲဖောက်ဝင်ခိုးယူလုယက်တဲ့TNLAအုပ်စုကိုY12 လေယာဥ်ဗုံး(၅)လုံးကြဲချသုတ် သင်ရှင်းလင်း သွားကြောင်းသိရသည်။” ( မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖော်ပြထားသည်။
နေပြည်တော်တယ်လီ ဂရမ်ချန်နယ်၏ ဖော်ပြချက်ကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၇၇၀၀ ကျော်၊ like and react လုပ်သူ ၂၁၀ ကျော်ရှိလာသည်။
သတင်းအမှားလင့်ခ် https://archive.ph/27mSN
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAနှင့် Shan News တို့ပူးပေါင်း၍ အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
နေပြည်တော် တယ်လီဂရမ်ချန်နယ်က အသုံးပြုထားသည့် ဓာတ်ပုံကို Google reverse Image search ဖြင့် ရှာဖွေကြည့်ရာ People spring သတင်းမီဒီယာက နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ကြောင့် ပျက်စီးခဲ့ရပုံဟု ဖော်ပြထားသည်။
မူရင်းသတင်းလင့်ခ် https://shorturl.at/4ntZm
သတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “နောင်ချိုမြို့မစျေးဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေ ကြည့်ရာ DVB, Shan News နှင့် Shwe Phee Myay သတင်းမီဒီယာတို့ ၌ရေးသားဖော် ပြထားကြောင်း တွေ့ရ သည်။
DVB သတင်းမီဒီယာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က လူနေရပ်ကွက်ပေါ်သို့ စစ်ကောင်စီတပ် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်းဖြင့် ဖျက်အားပြင်းဗုံး ငါးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများကို မေးမြန်း၍ ရေးသားထားသည်။
Shan News သတင်းမီဒီယာတွင် စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နောင်ချို မြို့ပေါ် ဈေးရပ် ကွက်ရှိ မြို့မဈေး၊ အထက (၁)၊ ညဈေးတန်းအနီး ပွဲရုံဂိုဒေါင်နှင့် သဖန်းကိုင်းကျေးရွာဘက်သို့ စစ်ကောင်စီ တပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။
Shwe Phee Myay သတင်းမီဒီယာတွင် စက်တင်ဘာလ ၂၁ ရက် မနက် ၇ နာရီခန့်တွင် စစ်ကောင်စီက Y-12 လေယာဉ် အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၅၀) ဝန်းကျင် ဦးအိုက်ဟတ်ဆို သူကို ထိမှန်ခဲ့ကြောင်း ရေးသားထားသည်။
သတင်းမီဒီယာလင့်ခ်များ
DVB https://shorturl.at/fnlQo
Shan News https://shorturl.at/ht1PX
Shwe Phee Myay News Agency https://shorturl.at/IiYkE
သုံးသပ်ချက်
နောင်ချိုမြို့မစျေးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့မှု မှန်ကန်သော်လည်း ထိခိုက်ဒဏ်ရာရရှိသူများသည် ပြည်သူများဖြစ်သည်။
နောင်ချိုမြို့ကို TNLA တပ်များက သိမ်းပိုက်ထားပြီးနောက် စစ်ရှောင်ပြည်သူများနေရပ်ပြန်နေထိုင်ကြပြီး TNLA တပ်များက ညဘက်၌သာ ကင်းလှည့်ကြသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထို့ကြောင့် နောင်ချိုစျေးထဲရှိ ပစ္စည်းများကို ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကိုဗုံးကြဲရှင်းလင်း ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ နေရာများပေါ်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနေထိုင်သဖြင့် ဗုံးကြဲရခြင်းဖြစ်သည်ဟု လိမ်လည်ဝါဒဖြန့်ချိမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။
လေကြောင်း တိုက်ခိုက်ပြီးနောက် လိမ်လည်ဝါဒဖြန့်နေသော စစ်ကောင်စီထောက်ခံသူများအကြောင်း MPA က သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ဖူးသည်။ ဆောင်းပါးဖတ်ရှုရန်လင့်ခ် – https://shorturl.at/c4NxM
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork