ကလောမှာ ရေကြီး၊ မြေပြိုမှုကြောင့် လူအယောက် ၁၀၀ ကျော် ရုပ်အလောင်းတွေ့တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ကလောမှာ ရေကြီး၊ မြေပြိုမှုကြောင့် လူအယောက် ၁၀၀ ကျော် ရုပ်အလောင်းတွေ့တယ်ဆိုတဲ့ သတင်းအမှား

သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၁၆ ရက် 

သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူအယောက် ၁၀၀ ကျော်သေဆုံးကာ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုပြီး အခုရက်ပိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းအမှားတွေ ဆက်တိုက်ပျံ့နှံ့နေပါတယ်။

ကလောမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ် သတင်းမီဒီယာအချို့အပါအဝင် လူမှုကွန်ရက်အသုံးပြုသူတွေက ကလောမြို့မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်၊ လူ ၂၀၀ ကျော် ပျောက်ဆုံးတယ်ဆိုပြီး ရေးသားဖော်ပြကြပါတယ်။ 

အဲ့ဒီသတင်းအမှားကြောင့် လူမှုကွန်ရက်အသုံးပြုသူနဲ့ ပြည်သူတွေအကြား စိုးရိမ်ပူပင်မှုဖြစ်စေခဲ့ပါတယ်။

ဆက်စပ်သတင်းမှားလင့်ခ် – https://archive.ph/2mY1z

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ သတင်းအချက်အလက်အချို့  မှားယွင်းနေတာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ဒေသအတွင်း သတင်းဌာနနဲ့ လွတ်လပ်ပြီး ယုံစိတ်ချရသော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကလောမြို့မှာ ရေကြီး၊ မြေပြိုမှု ဖြစ်ပွားတာကြောင့် လူထိခိုက်သေဆုံးမှုရှိတယ်လို့ ဖော်ပြထားကြပါတယ်။   

သတင်းလင့်ခ် – https://archive.ph/ieUjt 

ရေကြီး၊ မြေပြိုမှုဖြစ်စဉ်အတွင်း လူအယောက် ၁၀၀ ကျော်သေဆုံးပြီး၊ ၂၀၀ ကျော်ပျောက်ဆုံး တယ်ဆိုတဲ့ ဖော်ပြချက်က မဟုတ်ပါဘူး။ အဲ့ဒီအရေအတွက်က ကွဲလွဲနေပါတယ်။

အတည်ပြုနိုင်ခဲ့တဲ့ သတင်းအချက်အလက်အရ စက်တင်ဘာလ ၁၀ ရက်မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ကလောမြို့မှာ ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၂ ဦးရှိတယ်လို့ ကလောမြို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ ရပ်ကွက် (၁)၊ (၂)နဲ့ (၄) မှ တစ်ဦးစီပါဝင်ပြီး ရပ်ကွက် (၃) မှာတော့ မိသားစုလိုက် သေဆုံးမှု ၉ ဦးဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ကလောမြို့ လူမှုကူညီရေးအသင်းထံမှ ထပ်သိရှိရသော စာရင်းအရ စက်တင်ဘာလ ၁၀ ရက်မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ကလောမြို့မှ ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာတယ် သိရပါတယ်။ 

အလားတူ ကလောမြို့မှာ ရေပြန်ကျပြီး ဖုန်းလိုင်းအချို့ပြန်ရပြီးနောက် မြို့ခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “ လူအသေအပျောက်ရာဂဏာန်းရှိတယ်ဆိုတာ မဟုတ်ဘူး” လို့ ပြောပါတယ်။

သုံးသပ်ချက်

ကလောမြို့မှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်။ လူ အယောက် (၁၀၀) ကျော်သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေတယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေပါတယ်။  

အခုလို သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေတဲ့အချိန်တွင်းမှာ လူထုကို စိုးရိမ်စိတ်တွေ ပိုမိုဖြစ်ပွားစေတဲ့ သတင်းအမှား အကြောင်းအရာတွေက ပိုမို့ပျံ့နှံ့လာတတ်ပါတယ်။

အဲ့ဒီ သတင်းအမှား အကြောင်း အရာကို စိုးရိတ်စိတ်နဲ့ ပြန်လည်ဝေမျှတာတွေ မပြုလုပ်ဘဲ စိတ်အေးအေးထားပြီး သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင် စစ်ဆေးဖို့လိုပါတယ်။  

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

 Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .