PDF ပစ်ခတ်တာကြောင့် ထားဝယ်အရှေ့တောဒေသခံတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

PDF ပစ်ခတ်တာကြောင့် ထားဝယ်အရှေ့တောဒေသခံတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းအမှား

ထားဝယ်မြို့နယ်၊ ပကာရီရွာမှာ PDF တွေ ပစ်ခတ်တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်ဆိုပြီး People Media နဲ့ မြန်မာ့ဂုဏ် တယ်လီဂရမ်ချန်နယ်တွေက စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းရေးသားဖြန့်ချိခဲ့ကြပါတယ်။

“ရေးနှင့် ထားဝယ်တွင် KNU/PDF များမှ Drone များ၊ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ချိခဲ့ကြတာပါ။

အဲဒီဖြန့်ချိမှုမှာပါဝင်တဲ့ ရေးနဲ့ ထားဝယ် အကြောင်းအရာ နှစ်ခုထဲက ထားဝယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ မှန်ကန်မှု မရှိတာကို တွေ့ရပါတယ်။

Subscriber တစ်သိန်းခြောက်သောင်းကျော်ရှိတဲ့ People Media တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ကို လူမှုကွန်ရက် အသုံးပြုသူ သုံးသောင်းခွဲကျော် မြင်တွေ့ထားပါတယ်။ အဲဒီချန်နယ်က သတင်းဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/2024.09.08-024612/https://t.me/peoplemedianews/62503

Subscriber တစ်သောင်းခွဲကျော်ရှိတဲ့ မြန်မာ့ဂုဏ် တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်မှာတော့ သုံးထောင်ကျော်က မြင်တွေ့ထားပါတယ်။ အဲဒီချန်နယ်ရဲ့ သတင်းဖြန့်ချိထားချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/WS01j

▪️PDF နဲ့ မသက်ဆိုင်

စစ်ကောင်စီ ထောက်ခံရေးသားလေ့ရှိတဲ့ အထက်ဖော်ပြပါ တယ်လီဂရမ်ချန်နယ်နှစ်ခုရဲ့ ဖော်ပြချက်မှာ စက်တင်ဘာလ ၅ရက်က ထားဝယ်မြို့နယ်၊ ပကာရီရွာကို PDF တွေက စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရွာအတွင်း စိန်ပြောင်းဗုံးသီးတွေ ကျရောက်ပေါက်ကွဲပြီး ဒေသခံလေးဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Dawei Watch က စုံစမ်းချက်အရ စက်တင်ဘာလ ၅ ရက်က ပကာရီရွာမှာ ပစ်ခတ်မှုဖြစ်ခဲ့တာဟာ စစ်ကောင်စီတပ်နဲ့ ကော်သူးလေတပ်မတော် (KTLA) တို့ကြား ဖြစ်ပွားခဲ့တာသာရှိပြီး PDF နဲ့ ပစ်ခတ်မှု ဖြစ်တာ မရှိခဲ့ပါဘူး။

ကော်သူးလေတပ်က ကားနဲ့လာပြီး စစ်ကောင်စီတပ်ရှိတဲ့ ပကာရီရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

KTLA ဘက်ကလည်း စစ်ကောင်စီတပ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့အကြောင်း Dawei Watch မေးမြန်းမှုကို အတည်ပြုဖြေကြား ထားပါတယ်။

▪️စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲ

ကော်သူးလေတပ်ဟာ ပကာရီရွာထိပ်ကနေ ပကာရီရဲစခန်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်၊ အဲဒီလိုပစ်ခတ်လို့ ပြန်ထွက်ခွာပြီးနောက် ၁၅ မိနစ်လောက်အကြာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရွာဘက်ကို ပြန်လည် ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ရွာထဲမှာရှိတဲ့ ဖုန်းဆိုင်မှာ ကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦး ဒဏ်ရာရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပစ်ခတ်သံကြားတော့ အားလုံးအိမ်ပိတ်ထားရတယ်။ ပစ်သံ စဲလို့ အိမ်တံခါးပြန်ဖွင့်မှ ဂတ်ကုန်း (ပကာရီ ရဲစခန်းကုန်း) က လက်နက်ကြီးနှစ်လုံးပစ်ချတယ်။ တစ်လုံးက ငါးပြေမအင်းထဲကျတယ်။ တစ်လုံးက ဖုန်းဆိုင်အပေါ် ကျတယ်။ ဖုန်းဆိုင်က နှစ်ယောက်၊ ဖုန်းငွေဖြည့်ကတ်လာဝယ်တဲ့ ယောက်ျားလေးကတစ်ယောက် ပြီးတော့ အခြားယောက်ျားကြီးက တစ်ယောက် ဒဏ်ရာရတယ်” ပကာရီရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲတဲ့ နေရာအနီးမှာရှိနေတဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီ တပ်ရှိတဲ့ ပကာရီရဲစခန်းဘက်ကနေ ပစ်တဲ့ လက်နက်ကြီးကျည် ရွာထဲကို ကျရောက်ပေါက်ကွဲတာလို့ ပြောဆိုပါတယ်။

“KTLA က ပစ်ပြီး ၁၅ မိနစ်လောက်မှ စစ်တပ်က ပြန်ပစ်တာ။ ကျွန်မဆိုဘယ်ကို ပြေးရမှန်းတောင် မသိဘူး။ ကလေးတွေဆို လူကြီးတွေ (ကြောက်ပြီး) အော်ကြတာ” လို့ သူက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ဦးခေါင်း ထိမှန်ဒဏ်ရာကြောင့် ရန်ကုန်သို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရတဲ့ အသက် ၂၅နှစ်အရွယ် ကိုအောင်ကိုဖြိုးဟာ စက်တင်ဘာလ ၈ရက်ညမှာ သေဆုံးသွားပါတယ်။ နောက်ထပ် ဒဏ်ရာရသူတွေကတော့ အသက် ၆၀ကျော်၊ အသက် ၄၀ကျော်အရွယ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ပကာရီရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက် သေဆုံး တာနဲ့ ပတ်သက်လို့ ဒေသတွင်း သတင်းဌာနတွေဖြစ်တဲ့ The Tanintharyi Times နဲ့ Dawei Watch တို့က ဒေသခံရွာသား တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဖော်ပြတဲ့သတင်းတွေကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

The Tanintharyi Times သတင်း link – https://www.facebook.com/share/p/AkzaAvZMpbAj2MGA/?mibextid=xfxF2i

Dawei Watch သတင်း link – https://www.facebook.com/share/p/N66jHkq6BYjNmiCL/?mibextid=xfxF2i

▪️စိစစ်တွေ့ရှိချက်

ပကာရီရွာမှာ လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူထိခိုက်သေဆုံးဒဏ်ရာရတဲ့ ဖြစ်ရပ်ဟာ PDF ကြောင့် ဆိုတာ မမှန်ကန်တာကို စိစစ်တွေ့ရှိရပါတယ်။

ပစ်ခတ်မှုဟာ ကော်သူးလေတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တာဖြစ်ပြီး ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဟာလည်း ကော်သူးလေတပ် ထွက်ခွာသွားပြီးမှ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ပကာရီ ရဲစခန်းကုန်း ကနေ ပစ်ခတ်တာဖြစ်တယ်ဆိုတာကို ဒေသခံတွေရဲ့ အခိုင်အမာ ပြောဆိုချက်အရ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဒီဖြစ်ရပ်မှာ စစ်ကောင်စီ ထောက်ခံဝါဒဖြန့် ရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်နှစ်ခုဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်တာကို ဖုံးကွယ်ဖို့အတွက် PDF တွေ လက်ချက်လို့ဆိုပြီး အချိန်ကိုက် ပုံဖော် သတင်းအမှား ဖြန့်ခဲ့တာကို စိစစ်တွေ့ရှိရပါတယ်။

အရင်ကလည်း ဒီလိုဖြစ်စဉ်ကို အချိန်ကိုက် သတင်းအမှား ရေးသားဝါဒဖြန့်ဝေတာတွေ ရှိဖူးပါတယ်။

ဥပမာတစ်ခုက ထားဝယ်မြို့နယ်က သပြေချောင်းစာသင်ကျောင်းမှာ မိုင်းလန့်တာကို PDF တွေက ဗုံးထောင်ထားလို့ စစ်ကောင်စီတပ်က မိုင်းလာရှင်းပေးခဲ့ရပါတယ်လို့ ဝါဒဖြန့်ခဲ့တာပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စစ်ဆေးထားတာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.daweiwatch.com/30/07/2024/95873/

နောက်ထပ် အကြောင်းအရာတစ်ခုကတော့ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်က စာသင်ကျောင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်လို့ ယူဆရတဲ့အရာ မတော်တဆ ပေါက်ကွဲမှုဖြစ်စဉ်မှာလည်း People Media တယ်လီဂရမ်ချန်နယ်က PDF တွေ မိုင်းခွဲတာဆိုပြီး သတင်းအမှားဖြန့်ခဲ့ဖူးပါသေးတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စစ်ဆေးထားတာကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.daweiwatch.com/07/06/2024/92930/

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .