ချောင်းဆုံက မူလတန်းပြဆရာမကို PDF တွေ သတ်တယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

ချောင်းဆုံက မူလတန်းပြဆရာမကို PDF တွေ သတ်တယ်ဆိုတဲ့သတင်းအမှား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုကွဲရွာက မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူးကို PDF တွေက သတ်လိုက်တယ်ဆိုပြီး Kyaw Swar နာမည်ပေးထားတဲ့ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁ဝ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။

အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာ စိစစ်တွေ့ရှိရပါတယ် ။

Subscriber တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ Kyaw Sawr တယ်လီဂရမ်ချန်က အဲဒီအကြောင်း ပါဝင်တဲ့ ရုပ်သံဖိုင် တစ်ခုကို စက်တင်ဘာလ ၁၀ရက်မှာ ထုတ်လွှင့်ဖြန့်ချိခဲ့တာပါ။ မူလတန်းပြဆရာမ အကြောင်းကို ရုပ်သံရဲ့ ၂မိနစ် ၂၀ စက္ကန့်မှာ စတင်ထည့်သွင်းထားပြီး အဲဒီရုပ်သံကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://t.me/kyawswar49111/15356

◾မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူး ပျောက်ဆုံးပြီး တစ်ပတ်အကြာမှာ အလောင်းပြန်တွေ့

မုကွဲရွာက မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူးဟာ စက်တင်ဘာလ ၁ ရက်မှာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။

မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပြီးနောက် စက်တင်ဘာလ ၈ ရက်မှာ မုကွဲရွာ ကျောင်းကြီးကျောင်းတိုက် မဟာဓာတ်ပေါင်းစုစေတီအနီးမှာ အလောင်းကို ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့ပါတယ်။

လည်ပင်းကို အနက်ရောင်ဘေးလွယ် အိတ်ကြိုးနဲ့ ချည်နှောင်ပြီး မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့ ဆရာမ ဒေါ်ချစ်ချစ်ထူးရဲ့ အလောင်းကိုပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အလောင်းအနီးမှာလည်း မှန်တစ်ဘက်မရှိတဲ့ ရွှေရောင်ကိုင်းတပ် မျက်မှန်တစ်လက်နဲ့ အသွားကိုးလက်မခွဲ၊ အရိုးငါးလက်မ၊ စုစုပေါင်း ၁၄ လက်မခွဲခန့်အရှည်ရှိ ဘက်နက်တစ်ချောင်းကို တွေ့ရကြောင်း ဖော်ပြကြပါတယ်။

အဲဒီအကြောင်းအရနဲ့ ပတ်သက်လို့ Eleven Media Group သတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://news-eleven.com/article/295399?fbclid=IwY2xjawFQ5vxleHRuA2FlbQIxMQABHbT0jeM2CLQHamzx0u12A3GQyDuwYf05R4FXlcog5VlgtDJ6zhFpIIy1UA_aem_VMtWdDpzfvDFqiJnr3RqwQ

Yamanya Time ရဲ့ သတင်းအေဂျင်စီက စက်တင်ဘာလ ၁၀ ရက် မှာဖော်ပြတဲ့ သတင်းတစ်ရပ်မှာတော့ ဒေါ်ချစ်ချစ်ထူးကို ၎င်း၏ချစ်သူဖြစ်သူက သတ်ဖြတ်တယ်လို့ ယူဆရပြီး အဲဒီအမျိုးသားကလည်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဖော်ပြပါတယ်။

ချစ်သူဖြစ်သူ အမျိုးသားဟာ ဆိုင်ကယ်တက္ကစီသမားကို ချိန်းဆိုစာပေးကာ ဒေါ်ချစ်ချစ်ထူးကို ကျောင်းကြီးကျောင်းတိုက် သို့ ခေါ်လာခိုင်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ချစ်သူဆိုသူ အမျိုးသားက ပြန်လာခေါ်ရန် ဆိုင်ကယ်တက္ကစီသမားကို ပြန်ခေါ်ခဲ့ပြီး ဆိုင်ကယ်တက္ကစီသမား ရောက်ရှိချိန်မှာ ချစ်သူ အမျိုးသားကိုပဲ တွေ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။

အဲဒီ ချစ်သူ အမျိုးသားဟာလည်း လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

အဲဒီသတင်းအကြောင်းအရာ ဖော်ပြထားသည့် Yamanya Time ရဲ့ သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://www.facebook.com/share/p/kd82wo8FSGCRe1Aj/?mibextid=xfxF2i

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ Dawei Watch က ဒေါ်ချစ်ချစ်ထူးရဲ့ မိသားစုဝင်တစ်ဦးကို မေးကြည့်ရာမှာလည်း ဒေါ်ချစ်ချစ်ထူးကို ချိန်းဆိုစာနဲ့ လာခေါ်ပြီး ကျောင်းကြီးကျောင်းတိုက်သို့ ပို့ဆောင်ပေးခဲ့တဲ့အကြောင်း၊ ပြန်သွားခေါ်ချိန်မှာ ချစ်သူအမျိုးသား ကိုသာ တွေ့တဲ့အကြောင်း ဆိုင်ကယ်တက္ကစီသမားက ရဲစခန်းမှာ ထွက်ဆိုထားတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒေါ်ချစ်ချစ်ထူး အသတ်ခံရမှုနဲ့ပတ်သက်လို့ ချစ်သူအမျိုးသားကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်က ဆိုပါတယ်။ အခုသေဆုံးမှုဟာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့လည်း တုံ့ပြန်ဖြေကြားပါတယ်။

◾သုံးသပ်ချက်

မူလတန်းပြဆရာမ ဒေါ်ချစ်ချစ်ထူး အသတ်ခံရတဲ့ဖြစ်စဉ်ဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လို့ မိသားစုဝင်က အတည်ပြုခဲ့ပြီး သံသယရှိသူဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကတော့ တော်လှန်ရေးအဖွဲ့တွေက Non CDM ဆရာမတစ်ဦးကို သတ်ဖြတ်တယ်ဆိုပြီး တော်လှန်ရေးကို ပုံဖျက်ဖို့ အချိန်ကိုက် သတင်းအမှားဖြန့်ချိတာကို စိစစ်တွေ့ရှိရပါတယ်။ အဲဒါကြောင့် သတင်းတွေကို စိစစ်ပြီးမှ ယုံကြည်ကြဖို့အကြံပြုလိုက်ပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .