အာရက္ခတပ်တော် (AA) ဟာ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

အာရက္ခတပ်တော် (AA) ဟာ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား

Fact Check၊ AEN
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှားကို Tazin Oo အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၃၁ ရက်နေ့ကစပြီး ရေးသား ဖြန့်ချိနေပါတယ်။
Tazin Oo တယ်လီဂရမ်ချန်နယ်ဟာ subscriber 112,500 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ 47,200 ကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် https://archive.ph/GAvpE
အဲ့ဒီသတင်းအမှား ဖော်ပြချက်မှာ ကြံ့ခိုင်ရေးပါတီဝင်‌တွေ၊ ရပ်ကျေးအုပ်ချုပ်ရေး၊ စစ်တပ်နဲ့ ဆွေမျိုးတော်စပ်သူတွေရဲ့ နေအိမ်တွေကို စာရင်းကောက်ခံပြီး ချိတ်ပိတ်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖော်ပြချက်ကို Arakan Express News သတင်းဌာနက စက်တင်ဘာလ ၆ ရက်နေ့မှာ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
◾ သတင်းအမှားစိစစ်ချက်
ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြထားတဲ့သတင်းတွေမှာတော့ Tazin Oo တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိနေတဲ့ အကြောင်းအရာကို မတွေ့ရှိရပါ။
ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ရခိုင်ပြည်နယ် သံတွဲမြို့မှာ AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကတော့ မှန်ကန်ပါတယ်။ သို့သော် AA က ကြံ့ခိုင်ရေးပါတီဝင်‌တွေ၊ ရပ်ကျေးအုပ်ချုပ်ရေး၊ စစ်တပ်နဲ့ ဆွေမျိုးတော်စပ်သူတွေရဲ့ နေအိမ်တွေကို စာရင်းကောက်ခံပြီး ချိတ်ပိတ်နေတယ် ဆိုတဲ့ အကြောင်းအရာကို ယခုတိုင် မတွေ့ရပါ။
သံတွဲမြို့နယ် မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းကျေးရွာကြားရှိ မောင်ရွှေလေး ရေတပ်အမည်ရှိတဲ့ စစ်ကောင်စီ ရေတပ်စခန်းကို အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ စက်တင်ဘာလ ၆ ရက် ညမှာ AA က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီမတိုင်ခင် အာဏာသိမ်း စစ်ကောင်စီ က CNDSD မောင်ရွှေလေးရေတပ်စခန်း မကျဆုံးစေရေးအတွက် မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် အဲ့ဒီပတ်ဝန်းကျင်တွေမှာ ခုခံစစ် အဆင့်ဆင့်နဲ့ လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားနဲ့ ခုခံခဲ့တယ်လို့ AA အနေနဲ့လည်း ထုတ်ပြန်ခဲ့တာကြောင့် AA ဟာ ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်ဆိုတာ မဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
AA ရဲ့ သတင်းထုတ်ပြန်ချက် Link
ရခိုင်ပြည် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် မောင်ရွှေလေး ရေတပ် စခန်း ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သြဂုတ် ၂၈ ရက်နေ့မှာ ရေတပ် တပ်ကြပ်ကြီး ၃ ဦးထပ်မံ သေဆုံးသွားခဲ့တယ်လို့ ရေတပ်မိသားစုတွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်ကို ယုံကြည်ရတဲ့သတင်းမီဒီယာဌာနတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။
မောင်ရွှေလေး ရေတပ်စခန်းဟာ စစ်ကောင်စီအတွက် အရေးကြီးတဲ့ ရေတပ်စခန်းဖြစ်တာရယ်၊ စစ်ရေးနိမ့်နေတာရယ်ကြောင့် စစ်ကောင်စီလေတပ်က ရေတပ်အနီးအနားကို အကြီးအကျယ် ဗုံးတွေချနေတဲ့အတွက် ကျေးရွာတွေ အပျက်အစီးများသလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သံတွဲမြို့တိုက်ပွဲနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို Narinjara သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
Narinjara ရဲ့ သတင်းဖော်ပြချက် Link..
ပြည်တွင်းသတင်းဌာနတွေမှာလည်း အာရက္ခတပ်တော် AA က သံတွဲမြို့ပေါ်နှင့် ငပလီမြို့ပေါ်ကို ထိန်းချုပ်ထားနိုင်ပေမယ့်လည်း တစ်မြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် တစ်ခုတည်းကျန်ရှိနေသေးသော မောင်ရွှေလေးရေတပ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တဲ့ ဖြစ်ရပ်သာ ရှိကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ပြည် သံတွဲမြို့နယ်မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေက တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို ကယ်ထုတ်လာတဲ့ ယာဉ်တန်းက ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကို ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းအရာကို Western News ကနေ ဖော်ပြထားပါတယ်။
Western News ရဲ့ သတင်းဖော်ပြထားတဲ့ Link
◾သတင်းစိစစ်ချက်
– Tazin Oo အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဖော်ပြထားတဲ့ “ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်” ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
အဆိုပါတယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့သတင်းမှာလည်း မည်သူမည်ဝါရဲ့ နေအိမ်ကို ချိတ်ပိတ်မှုပြုလုပ်နေတယ်ဆိုတဲ့ တိကျတဲ့ အချက် အလက်မျိုးမပါ၀င်တဲ့အပြင် သံတွဲမြို့ပေါ်ရှိ မည်သည့်နေရာ မည်သည့်ရပ်ကွက်ဖြစ်တယ်ဆိုတာကို အတိအကျ ရေးသားထားခြင်းမျိုးမရှိသလို ဓာတ်ပုံလည်းဖော်ပြထားခြင်းမရှိပါ။
ရေတပ်စခန်းလက်၀ယ်ရရှိဖို့ အသည်းအသန်ကြိုး စားနေရတဲ့ AAဟာ သံတွဲမြို့ပေါ်ကအိမ်တွေကို လိုက်လံချိတ်ပိတ်ဖို့ အချိန်မရှိနေတာကိုလည်းတွေ့ရပါတယ်။ သံတွဲမြို့ရဲ့အကြီးဆုံးရေတပ်စခန်းကို စက်တင်ဘာ၆ ရက်နေ့ကမှ အပြီးသတ်သိမ်းယူနိုင်တာကိုလည်း AAက သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် မြို့ပေါ်ကနေအိမ်တွေကို ချိတ်ပိတ်တယ်ဆိုတဲ့ သတင်းကို AAဘက်က မထုတ်ပြန်သလို သတင်းဌာန တွေကလည်း ဖော်ပြထားတာမတွေ့ရပါဘူး။ ဒီအချက်တွေကြောင့် သတင်းမှားသာဖြစ်ကြောင်း စိစစ်ဖော်ပြလိုက်ရပါတယ်။
◾သုံးသပ်ချက်
Tazin Oo တယ်လီ ဂရမ်ချန် နယ်ကနေ ဖော်ပြထားတဲ့ “ရခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်တပ်ထောက်ခံတယ်လို့ စွပ်စွဲပြီး နေအိမ်ချိတ်ပိတ်မှုတွေ ပြုလုပ်နေတယ်” ဆိုတဲ့သတင်းဟာ စစ်ကောင်စီဘက်က လော်ဘီတွေအနေနဲ့ လိုချင်တဲ့အချက်ကို ဆွဲကပ်ပြီး ပုံဖျက်ထားတဲ့သတင်းအမှားသာဖြစ်ပါတယ်။
စစ်ရှောင်အရပ်သားနေအိမ်တွေကို စစ်ကြောင်းထိုးရင်း အမြဲဖောက်ထွင်းခိုးယူလေ့ရှိသူတွေဟာ စစ်ကောင်စီတပ်သားများသာဖြစ်ကြောင်း မကြာခဏဆိုသလို ယုံကြည်ရတဲ့သတင်းတွေမှာ ဖော်ပြထားလေ့ရှိပါတယ်။
AEN သတင်းဌာနအနေနဲ့ ရနိုင်သလောက် ဒေသခံ တွေကို မေးမြန်းကြည့်ရာမှာလည်း သံတွဲမှာတိုက်ပွဲ ဖြစ်နေတာမှန်ပေမယ့် AAဘက်မှ နေအိမ်တွေကို ချိတ်ပိတ်တယ်ဆိုတာ မဟုတ်ကြောင်း၊ အဲဒီသတင်းကို မကြားကြောင်းသာ အဖြေရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသမှာ လူမရှိတဲ့နေအိမ်တွေကို တကူးတကချိတ်ပိတ်စရာမလိုတဲ့အတွက် Thazin Oo တယ်လီဂရန်ချန်နယ်မှ ဖော်ပြထားတဲ့သတင်းဟာ သတင်းမှားတစ်ခုဖြစ်ပြီး လိုသလိုဆွဲကပ်ရေးသား ထားတာဖြစ်ကြောင်း စိစစ်တင်ပြလိုက်ရပါတယ်။
ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။
သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News တို့လို မီဒီယာတွေရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
++++++++++++++++
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .