နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား
Share:FacebookX

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား

 

သျှမ်းသံတော်ဆင့်၊ ၂၀၂၄ စက်တင်ဘာလ ၆ ရက်

သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (သြဂုတ် ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး

“နမ့်ခမ်းက အကြမ်းဖက် TNLA များကို ဗုံးကြဲရှင်းလင်းမှုတွင် TNLA ခေါင်းဆောင်မိသားစုက ကလေးအပါအဝင် ၁၁ ယောက် လောလောဆယ်သေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁,၄၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/duwjQ#selection-387.0-389.9

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ လိုအပ်သလို ချိတ်ဆက်ရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်ပြီး ယုံကြည်စိတ််ချရသော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၁ ယောက် ထက်မနည်းသေဆုံးခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။

ဒါပေမဲ့ သေဆုံးသူတွေဟာ TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေ ဖြစ်ကြောင်း ဒေသအတွင်း ဌာနနဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနတွေမှာ အခုအချိန်ထိဖော်ပြထားခြင်း မရှိပါ။

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းက “ကလေးငယ်နဲ့ ကိုယ်ဝန်သည်အပါအဝင် အရပ်သား ဆယ်နဲ့ချီ သေဆုံးခဲ့ရတဲ့ နမ့်ခမ်းမြို့ပေါ်က လေကြောင်းတိုက်ခိုက်မှု” ဆိုပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://archive.ph/UveVW 

သျှမ်းပြည်အခြေစိုက်ဖြစ်တဲ့ သျှမ်းသံတော်ဆင့်သတင်းဌာနတွင် နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးအပါအဝင် စုစုပေါင်း (၁၁) ဦး ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရရှိကြောင်း ဖော်ပြထားပါတယ်။သတင်းလင့်ခ် – https://burmese.shannews.org/archives/44114

နမ့်ခမ်းမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၁၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://archive.ph/j6NSc

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဆက်သွယ်မေးမြန်းရာမှာ “သေဆုံးသူက အရပ်သားတွေ ဖြစ်ပါတယ်။ ကလေး ၂ ဦးအပါအဝင် လူကြီး အားလုံးပါ” လို့ ပြောပါတယ်။

သုံးသပ်ချက်

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဗုံးကြဲမှုဖြစ်စဉ်အတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေ သေဆုံးတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ၎င်းတို့လိုအပ်သလို ချိတ်ဆက်ရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားသာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မြို့ရွာတွေကို သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီး လိုအပ်သလို တန့်ပြန်ဆောက်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

အဲ့သလို ပြောကြားပြီးနောက် (စက်တင်ဘာလ ၅ ရက်နေ့ ညမှ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းအထိ) ချင်းပြည် မင်းတပ်အပါအဝင် သျှမ်းပြည် နောင်ချို၊ နမ့်ခမ်းနဲ့ မိုးဗြဲကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဆက်စပ်ဖတ်ရှု့ရန်လင့်ခ် – https://archive.ph/MrYO2

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .