လောင်းလုံးအမတ် နေရပ်ပြန်ပြီး မြို့သိမ်းတိုက်ဖို့ကြံစည်နေတယ်ဆိုပြီးဝါဒဖြန့်မှုအပေါ်စိစစ်ချက်
Share:FacebookX

လောင်းလုံးအမတ် နေရပ်ပြန်ပြီး မြို့သိမ်းတိုက်ဖို့ကြံစည်နေတယ်ဆိုပြီးဝါဒဖြန့်မှုအပေါ်စိစစ်ချက်

လောင်းလုံးမြို့နယ်က လွှတ်တော်အမတ်တစ်ဦး ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ မိသားစုဓာတ်ပုံတွေကို စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တစ်ခုက အသုံးချသတင်းအမှားဖြန့်ပြီး စစ်ကြောင်းထိုးဖို့ လှုံ့ဆော်ရေးသားနေပါတယ်။

NLD လွှတ်တော်အမတ် ဦးဗိုလ်ထွေးဟာ စစ်ကောင်စီချိပ်ပိတ်ထားတဲ့ သဘော့ဆိပ်ကျေးရွာအုပ်စု ကျောက်ဆင်ရွာက နေအိမ်မှာ ပြန်လည်နေထိုင်နေတယ်၊ ပြီးတော့ PDF တွေကို ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ကြံစည်နေတယ်ဆိုပြီး ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ဟာ ဩဂုတ်လ ၁၂ ရက်ကစပြီး စတင်ရေးသားဖြန့်ချိ ခဲ့ပါတယ်။ ဩဂုတ်လ ၁၂ ရက်ကနေ ဩဂုတ်လ ၂၀ ရက်အထိ တောက်လျှောက် သတင်းအမှားတွေ ဖြန့်နေတာပါ။

အဲဒီလို ဖြန့်ချိရာမှာ ဦးဗိုလ်ထွေးနဲ့ သူ့မိသားစုဝင်တွေ စုရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ချိပ်ပိတ်စာရွက်ကပ်ထားတဲ့ နေအိမ် ဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။ အဲဒီဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://t.me/az222222222222/32968?single

အဲဒီဖော်ပြချက်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြန့်ပြီး ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးအောင် လှုံ့ဆော်နေတယ်ဆိုတာကို စစ်ဆေးတွေ့ရှိရပါတယ်။

အဲဒီသတင်းအမှားဖြန့်ချိပြီး ရက်ပိုင်းအကြာ ဩဂုတ်လ ၂၀ ရက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ မောင်းမကန်ရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာပြီး ရပ်ရွာထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဦးဗိုလ်ထွေး နေရပ်ပြန်ရောက်တာမဟုတ်

Dawei Watch အနေနဲ့ ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က ဖော်ပြထားတဲ့အချက်အလက်တွေဟာ မှန်ကန်မှု ရှိ မရှိ ဆိုတာကို သိရဖို့အတွက် ဒေသခံတွေအပြင် ကာယကံရှင် ဦးဗိုလ်ထွေးတို့ကိုလည်း ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

ဒီနေ့အချိန်အထိ ထိုင်းနိုင်ငံမှာပဲ နေထိုင်နေခဲ့သလို နေရပ်ပြန်တာ မရှိတဲ့အကြောင်း ဦးဗိုလ်ထွေးကိုယ်တိုင် Dawei Watch ကို အတည်ပြုဖြေကြားပါတယ်။

“လောင်းလုံးမှာ မရှိတာ ကြာလှပါပြီ။ ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက (ထိုင်းနိုင်ငံကို) ရောက်နေတာ” လို့ သူက ပြောဆို ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မိသားစုနဲ့ ပတ်သတ်တဲ့ စတေးထပ်တစ်ခုကို ဓာတ်ပုံတွေနဲ့တကွ Facebook လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ဖူးပြီး အဲဒီလိုမျှဝေပြီး ရက်ပိုင်းအကြာမှာပဲ အဲဒီပိုစ့်က ဓာတ်ပုံတွေနဲ့ အမဲလိုက်မုဆိုးကြီး ချယ်နယ်မှာ သတင်းအမှား ဖြန့်ချိတာကို သတိထားမိခဲ့တယ်လို့ ဦးဗိုလ်ထွေးက ဆက်လက်ပြောဆိုပါတယ်။

ဦးဗိုလ်ထွေးကိုယ်တိုင်ကလည်း သူနေရပ်ကို ပြန်မရောက်သေးတဲ့အကြောင်း ရေးသားထားတာကို ဒီနေရာမှာကြည့်ပါ။
https://www.facebook.com/share/DidKLR5771pzciaL/?mibextid=oFDknk

ဦးဗိုလ်ထွေးရဲ့ ဇာတိကျေးရွာက ဒေသခံတွေကို မေးမြန်းကြည့်ရာမှာလည်း ချိပ်ပိတ်ထားတဲ့ ဦးဗိုလ်ထွေးရဲ့နေအိမ်မှာ ဘယ်သူမှ နေထိုင်တာမရှိသလို အဲဒီအိမ်အနီးမှာရှိတဲ့ ဒေသခံတွေတောင် ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။

“ဦးဗိုလ်ထွေးရွာကို ပြန်ရောက်နေတယ်ဆိုတာ လုံးဝမဟုတ်ဘူးရှင့်။ သူ့အိမ်မှာလည်း လူမရှိဘူး။ အိမ်ရှေ့မှာကပ်ထားတဲ့ (နေအိမ်ကို ချိပ်ပိတ်ကြောင်း ရေးသားထားတဲ့) စာရွက်အနီကြီးတော့ မရှိတော့ဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

ဒါ့ကြောင့် ဦးဗိုလ်ထွေး နေရပ်ပြန်ရောက်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ဦးဆောင်လုပ်ဆောင်နေတယ်ဆိုတာဟာ လှုံ့ဆော်သတင်းမှား ဖြန့်ချိမှုပဲ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ဦးဗိုလ်ထွေး နေအိမ်ပြန်ရောက်ပြီး မြို့သိမ်းတိုက်ပွဲဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအမှားဖြန့်ချိပြီး တစ်ဆက်တည်းမှာပဲ မောင်းမကန်၊ သဘော့ဆိပ်၊ သပြေရှောင်ရွာတွေမှာ တော်လှန်ရေးအဖွဲ့တွေ ရောက်ရှိနေသလို စစ်ပြဲနဲ့ ညင်းမော်ရွာတွေ မှာလည်း PDF စစ်ကူတွေ ရောက်ရှိနေတယ် စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိလာပါတယ်။

ဒါ့ကြောင့် မောင်းမကန်ရဲစခန်း၊ စစ်ကောင်စီ လုံခြုံရေးဂိတ်တွေ၊ တပ်စခန်းတွေ သတိထားဖို့ ရေးသားထားတာတွေ့ရပါတယ်။ အဲဒီရေးသားဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://t.me/az222222222222/32978

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ

တယ်လီဂရမ်ချန်နယ်ကနေ ဩဂုတ်လ ၁၂ ရက်ကစပြီး ဦးဗိုလ်ထွေးနဲ့ပတ်သတ်တဲ့ သတင်းအမှားတွေ တောက်လျှောက် ဖြန့်ချိပြီး လှုံဆော်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မောင်းမကန်ကျေးရွာဘက်ကို ဩဂုတ်လ ၁၇ ရက်မှာ တစ်ကြိမ်၊ ၂၀ ရက်မှာ တစ်ကြိမ် စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်လာပါတယ်။

မောင်းမကန်ရွာကို ဩဂုတ်လ ၂၀ ရက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာနဲ့ပတ်သက်လို့ Dawei Watch သတင်းဌာနက ဖော်ပြထားတဲ့သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/oWC7hcCCTop8R1cF/?mibextid=oFDknk

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး မောင်းမကန်ရွာထဲမှာ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရတဲ့ အကြောင်း သတင်းဖော်ပြချက်ကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/d3Ah2eDLYJ3oih9K/?mibextid=qi2Omg

PDF တွေ ရောက်နေတယ်ဆိုပြီး လှုံ့ဆော်ရေးသားရာမှာ ပါဝင်ခဲ့တဲ့ သဘော့ဆိပ်ရွာနဲ့ အဲဒီအနီးက ပြင်ကြီးရွာတို့ကိုလည်း ဩဂုတ်လ ၁၉ ရက်မှာ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က ဖော်ပြခဲ့တဲ့ သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/ExiVdfvoKfKfF7mz/?mibextid=oFDknk

ဒီလို စစ်ကြောင်းထိုးမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာရတဲ့ အကြောင်းအရင်း နောက်တစ်ခုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မောင်းမကန် ရဲစခန်းကို တိုက်ခိုက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒေသတွင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့တစ်ခုကလည်း မောင်းမကန်ကျေးရွာရဲစခန်းနဲ့ ထားဝယ်မြို့ပေါ်ကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ပါတယ်။

Dawei Watch က ဖော်ပြခဲ့တဲ့ ထားဝယ်မြို့ပေါ်တိုက်ပစ်ခတ်မှုသတင်းနဲ့ မောင်းမကန်ကျေးရွာ တိုက်ခိုက်မှုသတင်းတွေကို အောက်ဖော်ပြပါ လင့်တွေမှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/MniCyPf5gDJxQec4/?mibextid=oFDknk
https://www.facebook.com/share/p/1tT51hAmGbrQ8JPS/?mibextid=oFDknk

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်ဟာ အဲဒီတိုက်ခိုက်မှုကို ဦးဗိုလ်ထွေးက ဦးဆောင်သလိုလို ဝါဒဖြန့်ရေးသားကြပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://t.me/az222222222222/32987

အမှန်တကယ်တော့ ဩဂုတ်လ ၁၆ ရက် မောင်းမကန်ကျေးရွာက တိုက်ခိုက်မှုဟာ ဒေတွင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဗထူးတပ်မတော်က လုပ်ဆောင်ခဲ့တာပါ။ အဲဒီအကြောင်းကို ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ The Tanintharyi Times မှာ ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/xjyQMCUDDBQtxMi2/?mibextid=oFDknk

ထားဝယ်မြို့ပေါ်တိုက်ခိုက်မှုကိုတော့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာအဖွဲ့က သတင်းထုတ်ပြန်ထားတာကို အောက်ဖော်ပြပါလင့် နှစ်ခုမှာကြည့်နိုင်ပါတယ်။
https://www.facebook.com/share/p/BuxH2PtSsGmgU9wd/?mibextid=oFDknk
https://www.facebook.com/share/p/V5w23F3KE52hyuab/?mibextid=qi2Omg

အဒီလို တိုက်ခိုက်မှုတွေအပြီးမှာ မောင်းမကန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

သုံးသပ်ချက်

စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်ရဲ့ ပုံမှားရိုက်ဖော်ပြချက်ဟာ စစ်ကြောင်းထိုးမှုတွေ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သုံးသပ်ရပါတယ်။

ပြည်ပမှာ နေထိုင်နေတဲ့ NLD လွှတ်တော်အမတ် နေရပ်လာပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ လုပ်နေတာမှာ မှန်ကန်မှု မရှိဘူးဆိုတာကို တွေ့ရပါတယ်။

ဦးဗိုလ်ထွေးရဲ့ နေအိမ်နဲ့ ကျေးရွာကို မီးရှို့ဖို့ လှုံ့ဆော်ရေးသားခဲ့သလို ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်လာအောင် မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ လုပ်နေတယ်ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး လှုံ့ဆော်ရေးသားခဲ့တယ်လို့ သုံးသပ်ရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေဟာ သတင်းအတု၊ သတင်းအမှားတွေ ရေးသား ဝါဒါဖြန့်ချိတာ၊ နေအိမ်တွေမီးရှို့ဖို့၊ စစ်ကြောင်းထိုးဖို့ ဖိအားပေး လှုံဆော်ရေးသားတာတွေ အမြဲတမ်းလုပ်ဆောင်လျက်ရှိပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .