လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်ဖွဲ့ ဝင်အများအပြားသေဆုံးတယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်ဖွဲ့ ဝင်အများအပြားသေဆုံးတယ်ဆိုတဲ့သတင်းအမှား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ်၊ မိုးတောင်တန်းကို စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အေအေ ဘက်က အများအပြား သေဆုံးဒဏ်ရာရကြတယ်လို့ တယ်လီဂရမ်ချန်နယ်တစ်ခုက ဩဂုတ် ၁၈ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်ရေးသားဖြန့်ဝေတာတွေ လုပ်ဆောင်နေတဲ့ “တိုက်ပွဲသတင်းစုံ” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။အဲဒီချန်နယ်ကို Subscriber ပြုလုပ်သူ ခြောက်သောင်းနီးပါးရှိပါ။

အေအေတပ်ဖွဲ့တွေရဲ့ တည်နေရာကို အတိအကျ သတင်းပေးလို့ တိုက်ခိုက်တာဖြစ်ပြီး အေအေဘက်က ဗျူဟာမှူး၊ တပ်ရင်မှူး အဆင့်အပါအဝင် ၃၈ဦး သေဆုံးတဲ့အပြင် ၇၂ဦး ဒဏ်ရာရတယ်လို့ ရေးသားဖြန့်ဝေခဲ့တာပါ။ အထက်ပါဖော်ပြချက်ကို ကြည့်ရှုသူ နှစ်သောင်းငါးထောင်ကျော်ရှိပြီးငါးရာကျော်က reaction ပြုလုပ်ထားပါတယ်။ တိုက်ပွဲသတင်းစုံ ချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://t.me/combatnews7723/4751

အထက်ပါဖော်ပြပါ ဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch နဲ့ AEN က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

မိုးတောင်က မိုးပညာဒါနကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းအပေါ်မူတည်ပြီး သေဆုံးသူတွေထဲမှာ အေအေ အရာရှိတွေ၊တပ်သားတွေ ပါဝင်နေသယောင် ဝါဒဖြန့်နေတာကို စိစစ်တွေ့ရှိရပါတယ်။

◾မိုးပညာဒါနကျောင်းကို စစ်ကောင်စီဗုံးကြဲ

တောင်ကုတ်မြို့နယ်၊ မိုးတောင်တန်းမှာရှိတဲ့ မိုးပညာဒါနကျောင်းကို ဩဂုတ်လ ၁၆ ရက် နံနက် ၃ နာရီမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တောင်ကုတ်ဒေသခံတွေကို ကိုးကားပြီး ရခိုင်ဒေသအခြေစိုက်မီဒီယာတွေက ဖော်ပြကြပါတယ်။

တောင်ကုတ်မြို့မြောက်ဘက် ၉ မိုင်အကွာမှာရှိတဲ့ မိုးပညာဒါနကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပြီး ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ Development Media Group သတင်းဌာနက ဩဂုတ်လ ၁၆ ရက် နေ့လယ်ပိုင်းမှာ ဖော်ပြပါတယ်။

တိုက်ခိုက်ခံရစဉ် ကျောင်းအတွင်း ကျောင်းသား ၁၀ခန့်ရှိနေပြီး ထိခိုက်မှု ရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။ Development Media Group သတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://www.facebook.com/share/p/eNQdyJoZsuwtfveH/?mibextid=xfxF2i

ဒေသတွင်း သတင်းဌာန နောက်တစ်ခုဖြစ်တဲ့ နိရဉ္စရာ သတင်းဌာနရဲ့ ဩဂုတ်လ ၁၆ ရက်က ဖော်ပြတဲ့ သတင်းမှာလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးငါးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး မိုပညာဒါနကျောင်း ထိမှန်တယ်လို့ ပါရှိပါတယ်။

အေအေတပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုရှိတယ်လို့ မှန်းဆချက်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်တယ်လို့ တောင်ကုတ်ဒေသခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး အဲဒီသတင်းမှာ ဖော်ပြပါတယ်။ နိရဉ္စရာရဲ့ သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://burmese.narinjara.com/news/detail/66bec391a35ec8a165b0db2d?fbclid=IwY2xjawExIQ9leHRuA2FlbQIxMQABHUBD7lYtcKhiXNEJpAGJ1D16_1mX4KhHbavGw47I3pLDY-1cRG89sfiwgA_aem_h0lxr7N28ksGKB2rePqzGg

တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးငါးလုံးထဲက တစ်လုံးဟာ မိုးပညာ ဒါနကျောင်းကို ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နောက်ထပ်ရခိုင်သတင်းဌာန တစ်ခုဖြစ်တဲ့ Western News သတင်းမှာ ဖော်ပြပါတယ်။ အဲဒီသတင်း ဖော်ပြချက်ကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။https://www.facebook.com/share/p/zStyCfdRZdVpVz2n/?mibextid=xfxF2i

◾လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူမရှိ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးပညာဒါနကျောင်း ဗုံးထိမှန် ပျက်စီးခဲ့ပေမယ့် ကျောင်းဝင်းအတွင်း နေထိုင်တဲ့ကျောင်းသားနဲ့ စစ်ဘေးရှောင်တွေက ကြိုတင်ရွှေ့ပြောင်းထားကြလို့ သေဆုံးသူမရှိခဲ့ဘူးလို့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နဲ့ ဒေသခံ ဒွါရာဝတီ community base news agency တို့ရဲ့သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကျောင်းဝင်းထဲ ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်တွေ၊ ကျောင်းသားတွေ အသုံးပြုတဲ့ ကွန်ပျူတာတွေ၊ တခြား အသုံးအဆောင် ပစ္စည်းတွေ ပျက်စီးသွားပေမယ့် လူထိခိုက်တာမရှိဘူလို့ တောင်ကုတ်ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်ကို DVB သတင်းမှာ ဖော်ပြပါတယ်။

DVB သတင်းဌာနက ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။ https://www.dvb.no/post/665012

စစ်ကောင်စီ လေယာဉ်များ မကြာခဏ ဖြတ်သန်းနေတဲ့ အရပ်မှာ ရှိနေတဲ့အတွက် ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို ဗုံးကြဲတိုက်ခိုက်မှုမတိုင်ခင် ရက်ပိုင်းကမှ နေရာရွှေ့ပြောင်းထားခဲ့တာကြောင့် လူထိခိုက်မှုနည်းပါးတာလို့ ဖော်ပြပါတယ်။

မိုးပညာဒါနကျောင်းဟာ ကျောင်းသား ၁၀ လောက် ကျောင်းတက်နေတဲ့ ကျောင်းဖြစ်ပြီး စားဝတ်နေရေးခက်ခဲနေတဲ့ စစ်ဘေးရှောင်မိသားစု ၆၀ လောက် ခိုလှုံခဲ့တယ်လို့ ရခိုင်တောင်ပိုင်းအခြေစိုက် ဒွါရာဝတီ community base news agency ရဲ့သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေရာဟာ စစ်ကောင်စီ လေယာဉ်တွေ မကြာခဏ ဖြတ်သန်းနေတဲ့ အရပ်မှာ ရှိနေတဲ့အတွက် ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေနဲ့ကျောင်းသားတွေဟာ ဗုံးကြဲတိုက်ခိုက်မှုမတိုင်ခင် ရက်ပိုင်းကမှ နေရာရွှေ့ပြောင်းထားခဲ့ တာကြောင့် လူထိခိုက်မှုနည်းပါးတာလို့ ဒေသခံတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

ဒါပေမဲ့ ကျောင်းမှာရှိနေခဲ့တဲ့ ရဟန်းတစ်ပါးဟာ ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာက စိုးရိမ်ဖွယ်ရာမရှိဘူးလို့ ဆိုပါတယ်။ ဒွါရာဝတီ community base news agency ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://www.facebook.com/share/p/XTHgkFHGGzEYL5Er/?mibextid=qi2Omg

◾သုံးသပ်ချက်

တောင်ကုတ်မြို့ နယ်၊ မိုးတောင်တန်းမှာရှိတဲ့ မိုးပညာဒါနကျောင်းကို ဩဂုတ် ၁၆ ရက်က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမယ့်လည်း အေအေအရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် အများအပြားသေဆုံးတယ်ဆိုတာတော့ ခိုင်လုံတဲ့ သတင်းအချက်အလက် မတွေ့ရပါဘူး။

စစ်ကောင်စီက စစ်ဘေးရှောင်တွေ ခိုလှုံခဲ့တဲ့ မိုးပညာဒါနကျောင်းကို ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်အပေါ် ပုံမှားရိုက်ဝါဒဖြန့်တဲ့ သတင်းအမှားအဖြစ် စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေချိန်မှာ အခုလို အချိန်ကိုက်ဝါဒဖြန်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံကြည်ဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watchနဲ့ AEN တို့ ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .