ရှမ်းမြောက်စစ်ပွဲ တရုတ်ဆန့်ကျင်တယ်ဆိုသည့်စစ်ကောင်စီဝါဒဖြန့်မှု ကွဲလွဲချက်
Share:FacebookX

ရှမ်းမြောက်စစ်ပွဲ တရုတ်ဆန့်ကျင်တယ်ဆိုသည့်စစ်ကောင်စီဝါဒဖြန့်မှု ကွဲလွဲချက်

 

16 Aug 2024 by (SHAN News+People’s Spring)

ရှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကြောင်း တရုတ်အစိုးရ အခိုင်အမာပြောဆိုလိုက်သည်ဟု စစ်ကောင်စီ သတင်းမီဒီယာများနှင့် ဝါဒဖြန့်ချယ်နယ်များက ဖြန့်ချိနေသည်။ 

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာဌာနတစ်ခုဖြစ်သည့် MRTV သတင်းဌာနမှ “သျှမ်းပြည်နယ် မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားခဲ့ပါတယ်” ဟု (မူရင်းအတိုင်း) ထည့်သွင်းပြောဆိုခဲ့သည်။

ထိုသတင်းကို ကြည့်ရှု့သူပေါင်း ၃,၈၀၀ ကျော်ပြီး MRTV ချယ်နယ်အပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်များနှင့် TiK Tok ချယ်နယ်များကပါ ဖြန့်ဝေထားကြသည်။

မူရင်းလင့်ခ် – https://archive.ph/5guio

ဆက်စပ်သတင်းမှား – https://archive.ph/GuvfC

Tik Tok – https://archive.ph/DFfhT

သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများ အနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ အချက်အလက်များအား ကွဲလွဲချက်တချို့ ရှိနေသည်ကို တွေ့ရသည်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ် ၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည့်ဖြစ်စဉ် မှန်ကန်သည်။

သို့သော် တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်အစိုးရပိုင် သတင်းဌာနနှင့် စစ်ကောင်စီ သတင်းဌာန ထုတ်ပြန်ချက်များမှ မတူညီသည့် ကွဲလွဲချက်တချို့ရှိနေသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝမ်ယိက ပြောကြားသည်ဟု စစ်ကောင်စီ သတင်းမီဒီယာများက ထုတ်ပြန်သည်။

သို့ရာတွင် တရုတ်အစိုးရပိုင် မီဒီယာများ (တရုတ်-မြန်မာနှစ်ဘာသာ) ထုတ်ပြန်ချက်တွင် ထိုသို့မတွေ့ရဘဲ ဝမ်ယိက တရုတ်-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တောင်းဆိုကြောင်း ဖော်ပြသည်။

သြဂုတ် ၁၅ ရက်နေ့က တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသော (တရုတ်-မြန်မာနှစ်ဘာသာ) ထုတ်ပြန်ချက်ကို အောက်ကလင့်ခ်တွင် ဖတ်ရှုနိုင်သည်။ 

သတင်းလင့်ခ် – https://shorturl.at/FRhdW

People’s Spring သတင်းဌာနတွင်လည်း “တရုတ်နိုင်ငံခြားဝမ်ယိနှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုနှစ်ဖက်သတင်း ထုတ်ပြန်ချက်များမှ ကွဲလွဲချက် ၃ ချက်” ဆိုပြီး သြဂုတ် ၁၅ ရက်နေ့က ဖော်ပြထားသည်။ 

မူရင်းလင့်ခ် – https://shorturl.at/16834 

သုံးသပ်ချက်

တရုတ်-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တောင်းဆိုကြောင်း အချက်မှာ မှန်ကန်ပါသည်။ 

သို့သော် ရှမ်းမြောက်ဒေသကို တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မှုအပေါ် တရုတ်အစိုးရက ဆန့်ကျင်သည်ဟု စစ်ကောင်စီ မီဒီယာမှ ဖော်ပြထားသော အချက်အလက်မှာ ကွဲလွဲနေသည်။ 

စစ်ကောင်စီ မီဒီယာနှင့် ဝါဒဖြန့်ချန်နယ်များ ဖြန့်ဝေနေသည့် အဆိုပါအကြောင်းအရာမှာ တရုတ် အစိုးရက တော်လှန်ရေးအင်အားစုများအား ဆန့်ကျင်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထောက်ခံသယောင်ရေးသားမှု မှာ လှည့်ဖြားမှားယွင်းသော အကြောင်းအရာဖြစ်ကြောင်းတွေ့ရှိရသည်။ 

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ 

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

 

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .