14 Aug 2024 by (SHAN News+Delta News Agency)
သျှမ်းပြည် လားရှိုးမြို့က နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူလို့ အပြစ်ပေးခံရတဲ့ရုပ်သံဖိုင်တခုကို အသုံးပြုပြီး စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလူမဆန်စွာ ဖမ်းဆီးရိုက်နှိက်နေတယ်ဆိုတဲ့ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီ့သတင်းကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် ဟန်ငြိမ်းဦးချယ်နယ်ကစတင် ဖြန့်ချိခဲ့ပြီး “လားရှိုးတွင် ငွေကြေးအဆင်မပြေမှုကြောင့် စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးတွေကို အကြမ်းဖက်တရုတ် ကိုးကန့်ခွေးမိစ္ဆာ MNDAA အဖွဲ့မှ ဖမ်းဆီးပြီး လူမဆန်စွာဖမ်းဆီးရိုက်နှိက်နေတယ်” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားပါတယ်။
ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၄၂,၀၀၀ ကျော်အထိရှိနေပြီး ဟန်ငြိမ်းဦးချယ်နယ်အပြင် အခြားတယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေထားကြတာပါ။
မူရင်းလင့်ခ် – https://archive.ph/RvlmV
မှိုင်းဝေ – https://archive.ph/zVuY3
သတင်း စစ်ဆေးခြင်း
Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူတွေ အနေနဲ့ အဲ့ဒီ့ပျံ့နှံ့လာတဲ့ရုပ်သံဖိုင်ကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့ရုပ်သံဖိုင်ကို အသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှား တခုဖြစ်တာကို တွေ့ရပါတယ်။
၂ မိနစ်ကျော်ကြာမြင့်တဲ့ အဲ့ဒီ့ရုပ်သံမှာ MNDAA ယူနီဖောင်းဝတ်ဆင်ထားသူတွေက ဗမာစကားပြောတဲ့လူလေးဦးကို ဖမ်းဆီးထားပြီး တံမြက်စည်းတုတ်နဲ့ ရိုက်နှိက်နေတာကိုတွေ့မြင်ရပါတယ်။
အဲ့ဒီ့ရုပ်သံဖိုင်ထဲမှာ“လားရှိုးမြို့ အိမ်ဖောက်သူခိုးတွေ မိထားပါတယ်၊ ပညာပေးအနေနဲ့ နောက်မခိုးဖို့ နောက်တစ်ကြိမ် ပြစ်မှုဖြစ်ပါက အချုပ် ၆ လနေရမယ်လို့ သတိပေးထားပါတယ်” ဆိုပြီး John Minh ဆိုတဲ့ Facebook အသုံးပြုသူတယောက်က မနေ့က ဩဂုတ်လ ၁၃ရက်၊ မနက်၁၀နာရီဝန်းကျင်မှာ အစောဆုံးမျှဝေထားတာကိုတွေ့ရပါတယ်။
မူရင်းရုပ်သံ – https://rb.gy/mibjo7
အဲ့ဒီဖြစ်စဉ်ဟာ လားရှိုးမှာအမှန်တကယ်ဖြစ်ပွားခဲ့တယ်ဆိုတာမှန်ပေမယ့် သတင်းအမှားဖြန့်ချိသူတွေရေးသားခဲ့သလို “ငွေကြေးအဆင်မပြေမှုကြောင့် စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုး” ဆိုတဲ့အကြောင်းအရာက မှားယွင်းနေပါတယ်။
သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကလည်း “ လူသူမရှိတဲ့ လားရှိုးမြို့ထဲက နေအိမ်တချို့နဲ့ဈေးဆိုင်တွေ ဆက်လက်ဖောက်ထွင်းခံနေရ” ဆိုပြီး ၂၀၂၄ သြဂုတ် ၁၁ ရက်နေ့က ဖော်ပြထားတာကို ဖတ်ရှုနိုင်ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/8IvMQ
ဒါ့အပြင် နေအိမ်ဖောက်ထွင်းခိုးယူနေသူတွေကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA ကဖမ်းဆီးပြီး ပညာပေးမောင်းထုတ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်၊၂၉ရက်ကမဲခေါင်သတင်း ကလည်း ဖော်ပြထားပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/MnEbA
လားရှိုးမြို့ ဒေသခံတစ်ဦးကို လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းရာမှာ “ဗမာတွေကိုဖမ်းတာမျိုးရှိပေမယ့် သူတို့မေးတာဖြေနိုင်ဘာမှမလုပ်ပါဘူး။ ဖုန်းစစ်တယ်၊ တောင်းရင်ပေးလိုက်တယ်။ စစ်ပြီးပြန်ပေးပါတယ်။ အခုချိန်ထိတော့ မြို့ပေါ်မှာ အေးအေးဆေးဆေး ဖြစ်ပါတယ်။ ဗမာဆိုရင်တော့ သတင်းပေးဖြစ်မှာကြောက်လို့ ကိုးကန့်က စစ်ဆေးမေးမြန်တာ ရှိပါတယ်” လို့ ပြောပါတယ်။
သုံးသပ်ချက်
သတင်းအမှားဖြန့်သူတွေဟာ မတူညီတဲ့နေရာက ရုပ်သံ၊ အကြောင်းအရာတွေကို အသုံးပြုပြီး စစ်မရှောင်နိုင်တဲ့ ဗမာလူမျိုးကို ကိုးကန့်တပ်ဖွဲ့ MNDAA ကရိုက်နှိက်တယ်လို့ လူမျိုးရေးမှိုင်းတိုက် ဝါဒဖြန့်ခြင်းသာ ဖြစ်ပါတယ်။
၂၀၂၄ သြဂုတ် ၁၃ ရက်နေ့ ဧရာတီသတင်းတစ်ပုဒ်မှာလည်း “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သမိုင်းဝင် ဆုံးရှုံးခြင်းအား တုံ့ပြန့်သည့်အနေဖြင့် စစ်ကောင်စီသည် အမျိုးသားရေးစကားနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို အရှိုန်မြင့်တက်လိုက်သည်” ဆိုပြီး ဖော်ပြထားပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/OObPO
လားရှိုးမှာ စစ်မရှောင်နိုင်တဲ့ ဗမာတွေကို နှိပ်စက်ညှင်းပန်းတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ဟာ လိုသလို ချိတ်ဆက်ရေး သားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာ အတည်ပြုစစ်ဆေးတွေ့ရှိရပါတယ်။
Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။
သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork