လားရှိုး စစ်ဆေးရုံ တိုက်ခိုက်မှု ဝိရောဓိဇာတ်ကြောင်း ရှင်းတမ်း
Share:FacebookX

လားရှိုး စစ်ဆေးရုံ တိုက်ခိုက်မှု ဝိရောဓိဇာတ်ကြောင်း ရှင်းတမ်း

13 August 2024 ( MPA + Shan News)

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၄ ဩဂုတ် ၆ ရက် ရန်ကုန်မြို့လယ်ခေါင် ဆူးလေလမ်းမကြီးပေါ် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီး ရောက်ရှိနေရာယူထားကြပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ အခုလို လူအုပ်ကြီးနဲ့ ဆန္ဒပြပွဲကို ပြန်တွေ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလူအုပ်ကြီးက စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေတော့ မဟုတ်ကြပါဘူး။ သူတို့တွေက စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေပဲ ဖြစ်ပါတယ်။

သူတို့ လက်ထဲမှာ ကိုင်ထားတဲ့ ဗီနိုင်းစပေါ်က “Never Forget 9/100 Lashio” ဆိုတာ လားရှိုးမြို့ အမှတ် ( ၉ ) ကုတင် ၁၀၀ စစ် ဆေးရုံ ဖြစ်ရပ်ကို ရည်ညွှန်းနေတာ ဖြစ်ပါတယ်။ ဒီတော့ လားရှိုးကုတင် ၁၀၀ စစ် ဆေးရုံမှာ ဘာတွေ ဖြစ် ပျက်ခဲ့လဲဆိုတာ ပြန်လည်လေ့လာဆန်းစစ်ကြည့်ရအောင်…….

◼ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့ လားရှိုး စစ်ဆေးရုံ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်မြို့တို့နဲ့ မန္တလေးတိုင်းက မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို MNDAA ၊ TNLA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတယ်။

၁၀၂၇ ဒုတိယလှိုင်းမှာ MNDAA က စစ်တပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ( ရမခ ) တည်ရှိရာ လားရှိုး ကို သိမ်းပိုက်နိုင်ရေး ဗဟိုပြု စဉ်းစားခဲ့တာကြောင့် လားရှိုးမှာ နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါ တယ်။ လားရှိုးမြို့မှာ ဇူလိုင် ၃ ရက်က စတင်လာခဲ့တဲ့ တိုက်ပွဲတွေဟာ တစ်လအကြာ ဩဂုတ် ၃ ရက်မှာ တော့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ လားရှိုး ရမခ ကို MNDAA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ပထမ ဦးဆုံး သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

လားရှိုးမြို့မှာ တစ်လကြာ တိုက်ပွဲအတွင်း မြေပြင်တိုက်ပွဲတွေ၊ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်ကျဆုံးမှုတွေ ရှိခဲ့သလို၊ အရပ်သားပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့ရပါတယ်။

လားရှိုးမြို့ခံတွေလည်း စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လားရှိုးမြို့ဟာ ကျည်ဆံ၊ ဗုံးဆံ၊ လက်နက်ကြီးဒဏ်၊ Drop Bomb နဲ့ စစ်တပ်ဗုံးကြဲတာတွေကြောင့် မြို့ပျက်ကြီးအလား ပျက်စီးခဲ့ရပါတယ်။
ဒီလို ပြင်းထန်တဲ့ လားရှိုးတိုက်ပွဲမှာ စစ်ရေးဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ လားရှိုး ရပ်ကွက် (၉) ဖြစ်ပါတယ်။ ရပ်ကွက် (၉) ထဲမှာ စစ်ကောင်စီရဲ့ စစ်ဆေးရုံ၊ အမြောက်တပ်၊ ထောက်ပို့တပ်၊ စစ်လက်နက်ပစ္စည်းတပ်နဲ့ ဆက်သွယ်ရေးတပ်တွေ ရှိနေပါတယ်။ အဲ့ဒါအပြင် ရပ်ကွက် (၉) ဟာ လားရှိုး ရမခ တည်ရှိရာ ရပ်ကွက် (၁၀) နဲ့လည်း ကပ်လျက်တည်ရှိနေပါသေးတယ်။

ဒါကြောင့် ၂၀၂၄ ဇူလိုင် ၃၀ရက်ကစပြီး ရပ်ကွက် (၁၀) နဲ့ ရပ်ကွက် (၉) မှာ စစ်တပ်နဲ့ MNDAA ပူးပေါင်း အဖွဲ့ တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် ခမရ ( ၅၀၇) တပ်ဘက်ကနေ ဆုတ်ခွာ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက် ( ၉ )မှာ ခံစစ်အနေအထားနဲ့ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ ကြပါတယ်။

၂၀၂၄ ဩဂုတ် ၁ ရက်မှာ လာရှိုးစစ်ဆေးရုံဝန်းထဲကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း ခဲ့ကြတယ်။ ဆေးရုံထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ တပ်မိသားစုဝင် ၁၀၀ ကျော်က အလံဖြူထောင် လက်နက်ချခဲ့လို့ ဩဂုတ် ၂ ရက်မှာ ဆေးရုံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လုံခြုံရေးအခြေအနေတွေကြောင့် ဆေးရုံဝန်ထမ်းတွေ၊ ဒဏ်ရာရ လူနာတွေနဲ့ တပ်မိသားစုဝင်တွေကို MNDAA က ရွှေ့ပြောင်းပေးခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားကြတယ်။

အလံဖြူထောင်ထားတဲ့ စစ်ကောင်စီတပ်သားတွေကို နေရာရွှေ့ ပြောင်းပေးနေတဲ့ရုပ်သံဖိုင်ကို MNDAA က ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေပေါ်လည်း ပျံ့နှံ့ခဲ့ပါတယ်။

ဒေသတွင်း အခြေစိုက်မီဒီယာဖြစ်တဲ့ သျှမ်းသံတော်ဆင့်ရဲ့ ၂၀၂၄ ဩဂုတ် ၂ ရက် သတင်းမှာ “ အဲ့စစ်ဆေးရုံမှာတော့ အရပ်သားတော့ မရှိတော့ဘူး။ ဆေးရုံကို ကိုးကန့်က မနေ့ကတည်းက တိုက်နေတာ။ ဒီမနက် အစော ပိုင်း သိမ်းနိုင်ခဲ့တယ်” လို့ ရေးသားထားပါတယ်။ဆက်လက်ပြီး စစ်ဆေးရုံမှာ ဆေးကုနေသော လူနာတွေကို လွန်ခဲ့တဲ့ ရက်ပိုင်းက ရပခ ထဲသို့ ရွှေ့ ပြောင်းခဲ့ပြီး စစ်ဆေးရုံမှာ တက်ရောက်ကုသနေသူတွေ ဟာ တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်တယ်လို့ သျှမ်းသံတော်ဆင့်ရဲ့ သတင်း ထဲမှာ ဖော်ပြထားပါတယ်။

ဒါတွေကတော့ လားရှိုး အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံနဲ့ ပတ်သက်ပြီး MNDAA ရဲ့ ထုတ်ပြန်မှုနဲ့ သတင်း မီဒီယာတွေက ရေးသားဖော်ပြကြတဲ့ ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာ လည်း လားရှိုး စစ်ဆေးရုံနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းတစ်ခုက ရှိနေပါသေးတယ်…..။

◼ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ပေါ်က ဇာတ်ကြောင်းတစ်ပုဒ်

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရာ ယန္တရားမှာ အဓိက ပါဝင်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ လားရှိုး စစ်ဆေးရုံကို MNDAA က ဝင်ရောက်စီးနင်းပြီး ဆေးရုံမှာရှိတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ဒဏ်ရာရ လူနာတွေကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဆက်တိုက်ရေးသားဖြန့်ဝေခဲ့ကြပါတယ်။

ဝါဒဖြန့်ချန်နယ်တွေဟာ အစပိုင်းမှာ လူအရေအတွက်ကို မပြောပေမယ့် နောက်ပိုင်းမှာတော့ လူတစရာကျော် သေဆုံးကြောင်း၊ သေဆုံးလူတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရွယ်မရောက်သေးတဲ့ မွေးကင်းစ ကလေးငယ်တွေပါဝင်ကြောင်း၊ ခွဲခန်းထဲက လူနာကိုပါ ပစ်သတ်သွားကြောင်း စတဲ့ အကြောင်းအရာတွေ ကို စာသားအပြင် ဗီဒီယိုဖိုင်တွေနဲ့ပါ ဖြန့်ဝေလာခဲ့ပါတယ်။

ဆရာဝန်၊ သူနာပြုနဲ့ ဒဏ်ရာရ လူနာတွေကို MNDAA က သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ MPA ရဲ့ သတင်းအချက်အလက်စစ်ဆေးသူတွေက သက်သေပြစိစစ်ပြီး သတင်းရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်။

၂၀၂၄ ဩဂုတ် ၃ ရက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ( ရမခ ) ကျပြီးနောက်ပိုင်းမှာတော့ ဒီဖြစ်ရပ်ကို စစ် ရာဇဝတ်မှု (War Crime) ပုံစံ ရေးသားလာပါတယ်။ MNDAA ရဲ့ လုပ်ရပ်ကို နိုင်ငံရေးပါတီ ၂၅ ပါတီက ကန့်ကွက်တယ်ဆိုပြီး ပူးတွဲထုတ်ပြန်လာခဲ့တယ်။ ၂၀၂၄ ဩဂုတ် ၄ ရက်မှာ MNDAA ရဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ လုပ်မယ်လို့ “Naung Taw Lay” ဆိုတဲ့ တယ်လီဂရမ်ချန်နယ် က စတင်ရေးသားခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို နေပြည်တော်နဲ့ မန္တလေးမှာ ပြုလုပ်မှာဖြစ်ပြီး အကြမ်းဖက် မှုကို လက်မခံတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်ကြောင်း ရေးသားဖြန့်ဝေခဲ့ပါ တယ်။

◼ လားရှိုး စစ်ဆေးရုံဖြစ်ရပ်အပေါ် စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်း

လားရှိုး စစ်ဆေးရုံဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဩဂုတ် ၅ ရက်နေ့မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်း အောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းကနေ MNDAA အဖွဲ့ ဟာ စစ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ပြီး လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်သွားတဲ့အပြင် တချို့ကို ဖမ်းဆီးသွားတယ်ဆိုပြီး ပြောဆိုခဲ့ ပါတယ်။

“ဩဂုတ် ၂ရက်နေ့မှာ လားရှိုးမြို့မှာရှိတဲ့ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ်ကျဲချပြီး ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။ လူနာများနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာ တွေ အမျိုးသမီးများ မိသားစုဝင်များနဲ့ ကလေးသူငယ်များအပါအဝင် အချို့လူနာများကို ဖမ်းဆီးခေါ်ဆောင် သွားတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်”လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းထဲ မှာ ပြောဆိုခဲ့ပါတယ်။

သတင်းမီဒီယာကျင့်ဝတ်လိုက်နာပြီး အဆင့်ဆင့် စိစစ်သတင်းဖော်ပြနေတဲ့ မီဒီယာတွေနဲ့ သတင်းအမှား အမှန် အချက်အလက်စစ်ဆေးဖော်ပြနေတဲ့ မီဒီယာတွေက လားရှိုး စစ်ဆေးရုံ တိုက်ခိုက်မှုဖြစ်စဉ်အပေါ် သတင်းတွေ ဖော်ပြထားကြပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်အပါအဝင် စစ်တပ်ဝါဒဖြန့်ချိသူတွေကတော့ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အသတ်ခံရတယ်ဆိုပြီး ပြောဆိုဖြန့်ဝေနေကြတုန်းပါပဲ…။

ဒီဇာတ်ကြောင်းကတော့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ မင်းအောင်လှိုင် တို့ ဘက်က ရှုမြင် သုံးသပ်တာကို မြင်တွေ့ရတဲ့ ဇာတ်ကြောင်းတစ်ပုဒ်ပါပဲ…။

◼ လားရှိုး အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဘာတွေဖြစ်ခဲ့လဲ……

လားရှိုး စစ်ဆေးရုံနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို MNDAA က ပစ်သတ်ခံရတယ်လို့ စွပ်စွဲမှုတွေရှိနေတဲ့အချိန်မှာ MNDAA က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခု ဩဂုတ် ၅ ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

MNDAA အဖွဲ့ ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာ လားရှိုး ကုတင်၁၀၀ စစ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နှစ်ဦး ပါဝင်ပါတယ်။ အရိုးအထူးကုဆရာဝန်က စစ်ဆေးရုံထဲက ဖြစ်ရပ်တွေအပေါ် ဖွင့်ဟ ပြော ဆိုလာခဲ့ပါတယ်။

“ညနေ ၅ နာရီခွဲလောက်မှာ ဆေးရုံအတွင်းထဲကို MNDAA တပ်ဖွဲဝင်တွေ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ကျနော် တို့ကိုတွေ့ရှိခဲ့တဲ့နောက်မှာ ပစ်ခတ်မှုမလုပ်ပါဘူး ။ ကျနော်တို ဆရာဝန်၊ သူနာပြုတွေနဲ့အတူ ဒီဆေးရုံထဲမှာ ရှိတဲ့ လူနာတွေကို ဒီတပ်ဖွဲဝင်တွေကပဲ သေချာခေါ်ထုတ်တာပါ။ ကျနော်ကိုယ်တိုင်လည်း လူနာတွေကို ထမ်း ခေါ်ခဲ့ရတာရှိပါတယ်” လို့ စစ်ဆေးရုံက အရိုးအထူးကုဆရာဝန်က ရုပ်သံဖိုင်ကနေတဆင့် ဖွင့်ဟပြောဆို လာခဲ့ပါတယ်။
ဩဂုတ် ၃ ရက်မှာ ဆေးရုံဝန်းထဲကို လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး MNDAA က သူတို့ကို လုံခြုံစိတ်ချရတဲ့နေရာကို ခေါ်သွားပြီး လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါး ထောက်ပံ့မှုတွေ ပေးတယ်လို့လည်း ထည့်ပြောသွားပါတယ်။

အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံဖြစ်ရပ်အပေါ် တပ်မိသားစုဝင် အမျိုးသမီးတဦးကလည်း သူမရဲ့ အတွေ့ အကြုံကို ပြောပြလာပါတယ်။

“ကျမ အမျိုးသားကလည်း (၆၂၆) က စစ်သားပါ။ သားနဲ့ အမျိုးသားဆုံးသွားပြီးတော့ အခု သားအမိသုံး ယောက် ဒဏ်ရာရလို့ ကိုးကန့်တပ်ဖွဲ့ကနေ ကယ်တင်ပြီးတော့ ဆေးကုသပေးနေပါတယ်။ ကိုးကန့်ကလူကြီး တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျမတို့ မိသားစုကို ပစ်မထားတဲ့အတွက်။ တပ်မတော်စစ် ဆေးရုံမှာလည်း ဆေးကုသမှုမရှိဘူး။ အဲ့မှာ စစ်သားတွေ ဒဏ်ရာပြင်းထန်ရနေတာမို့ ကယ်ပါဦးလို့ အော် တယ်။ သူတို့က “ မင်းတို့ ဒဏ်ရာက အရေးမကြီးသေးဘူး။ ငါတို့ဒီမယ် သေရေးရှင်ရေး ဖြစ်နေတယ်။ ငါတို့ ဒီဥစ္စာကို လွတ်အောင်ပြေးရမယ်” လို့ ပြောတယ်။ အဲဒါနဲ့ မသေသင့်ဘဲ သေသွားတယ်” လို့ ပြောပါတယ်။

ဒါတွေဟာ အမှတ် ( ၉ ) စစ်ဆေးရုံမှာ ဖြစ်ပျက်သွားတာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသူရဲ့ ပြောစကားပါ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ဆရာဝန်နဲ့ ကျဆုံးစစ်သားဇနီးရဲ့ ဒီရုပ်သံဖိုင်ဟာ ဖိအားပေးစေခိုင်းမှုကြောင့် လိမ်ညာထွက်ဆိုထားရတဲ့ မှတ်တမ်းတစ်ခုလို့ စွပ်စွဲပြောဆိုထားပါတယ်။

MNDAA အဖွဲ့ကလည်း ၂၀၂၄ ဩဂုတ် ၃ ရက် တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က စစ် ဆေး ရုံကို လေကြောင်းကနေ ဗုံးကြဲချပြီး တပ်မိသားစုဝင် နဲ့ ဒဏ်ရာရသူတွေကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ပါတယ်။

MNDAA ဘက်က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေထဲမှာ (ရမခ) ဘန်ကာတစ်ခု ထဲမှာ ဒဏ်ရာတွေနဲ့ သေလုမျောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၁၃ ဦးကို MNDAA နဲ့ မဟာ မိတ်တပ်ဖွဲ့တွေ ကယ်တင်ထားတဲ့ မှတ်တမ်းဖိုင်တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

◼ ရေငုံနှုတ်ပိတ်နေတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ

၁၀၂၇ တစ်ကျော့ပြန်စစ်ဆင်ရေးတွေ အရှိန်မြင့်လာချိန်မှာ လားရှိုးက အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံ လိုမျိုး အလားတူဖြစ်ရပ်တွေလည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ လောက်ကိုင်စစ်ဆေးရုံ ဖြစ်ရပ်ပါ။

ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်မှာ လောက်ကိုင်စစ်ဆေးရုံနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ အသံကို ကိုးကားရေးသားထားတဲ့ သတင်းတစ်ပုဒ် ၂၀၂၄ ဩဂုတ် ၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

လားရှိုး ရမခတိုင်းရုံးကို MNDAA ဝင်ရောက်စီးနင်းခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၂ ရက် မနက်အစောပိုင်းမှာပဲ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က မျှော်စင်နဲ့ လောက်ကိုင်ပြည်သူ့စစ်ဆေးရုံကို စစ်ကောင်စီ တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဗုံးကြဲမှုအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ အပါ အဝင် အရပ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးခဲ့တယ်ဆိုပြီး သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြထား ပါတယ်။

ဗုံးကြဲမှုကြောင့် ပြည်သူတွေ သေဆုံးမှုအပေါ် စစ်ကောင်စီဘက်က တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းခြင်း မရှိသလို အခုအချိန်အထိ ဘာတစ်ခုမှ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဟာ စစ်ရေးအရှိန်မြင့်လာတဲ့ ကာလတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အင်တိုက်အား တိုက် ပြုလုပ်လာတယ်။ အဲဒီတိုက်ခိုက်မှုတွေထဲမှာ အရပ်သားနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့တွေအပေါ် လေကြောင်းက ဗုံးကြဲမှုတွေအပြင် စစ်တပ်ဟာ သူ့လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ဆေးရုံတွေကိုပါ မချန် ဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေအကြောင်း သတင်းမီဒီယာတွေက ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

စစ်တပ်ထိန်းချုပ်မှုကနေ လွတ်မြောက်သွားတဲ့ဒေသတွေအပေါ် လေကြောင်း ဗုံးကြဲမှုတွေက မစားရတဲ့ အမဲသဲနဲ့ ပက်သလို လုပ်ရပ်ဖြစ်တယ်လို့ ရှမ်းပြည်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ဗမာစကားပုံအရဆိုရင် (မစားရတဲ့အမဲ သဲနဲ့ပက်) ဆိုသလိုပဲ။ သူကထိန်းချုပ်လို့မရတဲ့ နေရာကို မင်းတို့ လည်းကောင်းကောင်းမနေရစေရဘူးကွာဆိုပြီး သူမစားရတဲ့ ဟင်းလျာကို သဲနဲ့ပက်ထည့်လိုက်တာပဲ။ သူ ထိန်းချုပ်လို့မရတဲ့ ဒီဒေသတွေမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို မင်းတို့လည်းကောင်း ကောင်းမနေရ စေရဘူးကွာဆိုပြီးတော့မှ ဖြတ်လေးဖြတ်ပုံစံနဲ့ လူထုကိုရပ်ရွာကို ဗုံးကြဲတယ်။

ဥပမာ- ကွတ်ခိုင်မြို့ကိုလည်း ဈေးကိုလာကြဲတာကြည့်။ လောက်ကိုင်ကိုလည်း ဆေးရုံနဲ့ လူနေရပ်ကွက်ထဲ ကို ကြဲတယ်။ ဒါက လူထုမနေရင်၊ လူထုတွေ ဒီဒေသကထွက်ခွာအောင်၊ လူထုနဲ့အဆက်အသွယ်မရှိ အောင် ဖြတ်လေးဖြတ် အစီအစဉ်နဲ့ စတယ်။ လူထုနဲ့ အဆက်သွယ်မှု ဖြတ်တယ်၊ စားနပ်ရိက္ခာလမ်းကြောင်း ကိုဖြတ်တယ်၊ စီးပွားရေးလမ်းကြောင်းကို ဖြတ်တယ်၊ သတင်းစီးဆင်းမှု အင်တာနက်လိုင်းတွေကို ဖြတ်တယ်” လို့ ရှမ်းပြည်နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးကတော့ ပြောပါတယ်။

စစ်တပ်ဟာ ဒီလိုမျိုး အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့တွေကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသလို ရေငုံနှုတ်ပိတ် မသိကျိုးကျွန်ပြု နေဆဲပါပဲ….။

◼ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးတဲ့ စစ်ကောင်စီ

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်ခံသူတွေဟာ ဝါဒဖြန့်ချိမှုအတွက် တယ်လီဂရမ်ချန်နယ်တွေကို အဓိက အသုံးပြုလာကြပါတယ်။ တယ်လီဂရမ်ဟာ သတင်းအမှားတွေ နဲ့ အမုန်းစကားတွေဖြန့်ဝေရာ အဓိက ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့တယ်ဆိုတာကို မီဒီယာတွေမှာလည်း ဖော်ပြနေခဲ့တာ ကြာနေပေမယ့် တယ်လီဂရမ်ပလက်ဖောင်းဘက်က ဒီကိစ္စတွေအပေါ် လျစ်လျူရှုထားဆဲဖြစ်ပါတယ်။

စစ်ပွဲအတွင်း မြေပြင်အချက်အလက်အမှန်ကို အတည်ပြုဖို့ခက်ခဲနေချိန်မှာ ဝါဒဖြန့်ချိသူတွေက သတင်း အမှားတွေနဲ့ ဝါဒဖြန့်မှုတွေက ပိုပြီးအားကောင်းအောင် လုပ်ဆောင်လာခဲ့ပါတယ်။

လားရှိုးက အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံကိစ္စကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကစလို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွေပါမကျန် စစ်ရာဇဝတ်မှု (War Crime) ပုံစံ ပုံဖော်လာကြတယ်။

တယ်လီဂရမ်ချန်နယ်တွေမှာ လားရှိုးစစ်ဆေးရုံနဲ့ ပတ်သက်ပြီး စွပ်စွဲပုံဖော်မှုတွေကို လုပ်ခဲ့ကြပေမယ့် ရှမ်း ပြည်နိုင်ငံရေးလေ့လာစောင့်ကြည်သူတစ်ဦးက “တကယ်တော့ ကိုးကန့်က လားရှိုးမြို့ကို တိုက်ခိုက် သိမ်းပိုက်တယ်ဆိုတာ MNDAA ကသာ စေတနာမရှိဘူးဆိုရင် တပ်မိသားစု အလံဖြူလွှင့်ပြီး လွတ်လာ စရာအကြောင်းမရှိဘူး အကုန်သေမှာဘဲ” ဆိုပြီးအခုလို ပြောထားပါတယ်။

သတင်းအတု သတင်းအမှားများနဲ့ ပတ်သက်ပြီး ရှမ်းပြည်နိုင်ငံရေး လေ့လာနေသူတစ်ဦးက ထပ်မံပြီး ပြည်သူတွေအနေဖြင့် သတင်းအချက်အလက်တွေကို ပြည်သူ အတွက်ရပ်တည်နေပါ တယ်ဆိုတဲ့ သတင်းမီဒီယာ တွေက သတင်းတွေကိုရယူဖို့ အကြံပြုတိုက်တွန်းထားသလို၊ စစ်ပွဲကာလ အတွင်း ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိပေမယ့် ပြန်လည်တည်ဆောက်ဖို့အတွက် မိမိရဲ့ စိတ်ဓာတ်ခွန်အားနဲ့ သန်မာမှုက ပိုအရေးကြီးတယ် ဆိုပြီး အကြံပြု ပြောဆိုထားပါတယ်။

လားရှိုး အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံဖြစ်ရပ်ဟာ နှစ်ဖက်အပြန်အလှန်စွပ်စွဲမှုတွေကြားထဲမှာ ဇာတ် ကြောင်းနှစ်ခုနဲ့ ရှင်သန်နေပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီဘက်က စွပ်စွဲချက် ရှိနေသလို ၊ MNDAA ဘက်ကလည်း အခိုင်အမာရှင်းလင်း ချက်တွေ ထုတ်ပြန်ထားပြီး သတင်းမီဒီယာတွေကလည်း သတင်းရေးသားဖော်ပြထားတာကို တွေ့ရှိရပါ တယ်။

◼ အနှစ်ချုပ်သုံးသပ်ချက်

လားရှိုး အမှတ် (၉) ကုတင် ၁၀၀ စစ်ဆေးရုံနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ သတင်း ဖော်ပြချက်တွေ နဲ့ စစ်တပ်၊ MNDAA အဖွဲ့တို့ နှစ်ဖက်အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေဟာ ကွဲလွဲမှုများစွာရှိနေတာ တွေ့ရပါ တယ်။ သို့ပေမယ့်လည်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက် အကြောင်းအရာတွေကို အခြေခံပြီး စစ်ဆေး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်သူဟာ လက်သည် တရားခံဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

လားရှိုး စစ်ဆေးရုံ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ဇာတ်ကြောင်းနှစ်ခုမှာ ဘယ်ဟာက ပိုပြီး အမှန် တရားနဲ့ နီးစပ်မယ်ဆိုတာ လက်ရှိ မြေပြင် ပကတိ အရှိတရားက အဖြေပေးသွားပါလိမ့်မယ်။

သတင်းရယူဖို့ခက်ခဲတဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ တိကျမှန်ကန်တဲ့ သတင်း အမှန်ရရှိဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါ။ ပြည်သူတွေအနေနှင့်လည်း အရေးကြီးတဲ့ကာလမှာ သတင်းအ ကြောင်းအရာတစ်ခုကို တွေ့မြင်လျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင်စလို မပြု လုပ်ရန် လိုအပ်ပါတယ်။ ပျံ့နှံ့လာတဲ့ အကြောင်းအရာတွေကို သတင်းမီဒီယာကျင့်ဝတ်စောင့်ထိန်း၍ မီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေတဲ့ သတင်းဌာနတွေက သတင်းတွေကို ရှာဖွေဖတ်ရှုသင့်ပါတယ်…..။ ။

Ref Link: https://www.facebook.com/watch/?v=1454549138537379
https://www.rfa.org/burmese/news/protest-against-mndaa-08062024072748.html https://www.youtube.com/watch?v=tiNF7HoEIY0 https://www.youtube.com/watch?v=L_KRPcciuHU https://myanmar-now.org/mm/news/39913/ https://www.facebook.com/mmpressphoto/posts/pfbid036qQoVKwDzzcVQU7LzVuAH8kQouY4XaA2qyzNG2C7KvVZetHTUCRpYqEVZZt2C7DKl

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .