မောင်တောမှာ အရပ်သားတွေပစ်သတ်ခံရတာကို အေအေတပ်ဖွဲ့ဝင်တွေ အသတ်ခံရတယ်လို့ ပုံဖော်သတင်းမှားဖြန့်
Share:FacebookX

မောင်တောမှာ အရပ်သားတွေပစ်သတ်ခံရတာကို အေအေတပ်ဖွဲ့ဝင်တွေ အသတ်ခံရတယ်လို့ ပုံဖော်သတင်းမှားဖြန့်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်‌တော် (အေအေ) တပ်ဖွဲ့ဝင်တွေကို အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (အာဆာ) ကသတ်ဖြတ်လိုက်တယ်၊ အေအေ ထောက်ပို့ကားကို အာဆာက ပစ်ခတ်ခဲ့တယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တချို့က ဖော်ပြကြပါတယ်။

အေအေ တပ်ဖွဲ့ဝင်တွေကို အာဆာက သတ်ဖြတ်လိုက်တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ Min Chit Oo အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ခုနှစ် ဩဂုတ်လ၁ရက်နေ့မှာ ဖော်ပြပါတယ်။

subscriber လေးသောင်းလေးထောင်ကျော်ရှိပြီး Min Chit Oo ချန်နယ်က ဖော်ပြတဲ့ အထက်ပါအကြောင်းအရာကို ဩဂုတ်လ ၆ရက်အထိ ကြည့်ရှူသူ ရှစ်သောင်းခွဲကျော် ရှိနေတာတွေ့ရပါတယ်။ အဲဒီဖော်ပြချက် အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://t.me/minchitoo989989/37334?single

နောက်တစ်ခါ အေအေရဲ့ ထောက်ပို့ကားကို အာဆာက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုတစ်ခုကိုလည်း View of Sue အမည်ရှိ တယ်လီဂရမ်ချန်နယ်ကနေ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ရက်ကစပြီး ဖြန့်ချိထားပါတယ်။

subscriber တစ်သောင်းခြောက်ထောင်ကျော်ရှိတဲ့ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို ကြည့်ရှူသူ ခြောက်သောင်းတစ်ထောင်ကျော် ရှိနေတာတွေ့ရပါတယ်။ အဲဒီဖော်ပြချက် အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://archive.ph/HIS8k

အထက်ပါဖော်ပြပါ ဖြန့်ချိမှုတွေနဲ့ ပတ်သက်လို့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch နဲ့ AEN က အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ နဲ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာနဲ့ ကွဲလွဲပြီး အရပ်သားသေဆုံးမှုကို အေအေလို့ ပုံဖော်သတင်းမှားဖြန့်တာလို့ စိစစ်တွေ့ရှိရပါတယ်။

◾အာဆာ ပစ်ခတ်မှုကြောင့် အရပ်သားငါးဦးသေ

မောင်တောမြို့နယ်မြောက်ပိုင်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ရက် ညနေက အရပ်သားကားတစ်စီးကို အာဆာအဖွဲ့ က ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် အရပ်သားငါးဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဒေသတွင်းနဲ့ ပြည်တွင်းသတင်းဌာနတွေက သတင်းဖော်ပြကြပါတယ်။

သေဆုံးသူတွေဟာ ဘူးသီးတောင်မြို့နယ် ကြိမ်ချောင်းရွာကို ကုန်ပစ္စည်းတွေ သွားဝယ်ရာကနေ ရွှေတောင်ရွာကြားနဲ့ ကျီးကန်းပြင်ရွာကြား ကားလမ်းမပေါ်မှာ အပစ်ခံရတာလို့ ဖော်ပြပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်က ကျောင်းဆရာမ ဒေါ်စိန်လှ၊ ဦးဇော်ဇော်မင်း၊ ဦးအောင်မြစံ၊ ဦးအောင်မျိုးစံနဲ့ ဦးကျော်မင်းတို့ ငါးဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ကားပေါ် လိုက်ပါလာတဲ့ ဦးမောင်မောင်ချေနဲ့ ဦးမျိုးသန်းတို့ကတော့ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

အာဆာအဖွဲ့က ကားကိုစောင့်ကြိုပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ခုနစ်ဦးအထဲက ကျောင်းဆရာမတစ်ဦးအပါအဝင် ငါးဦးနေရာမှာပဲ သေဆုံးပြီး နောက်ထပ်နှစ်ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး RFA Burmese သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

“မောင်တောမှာ ARSA အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားငါးဦးသေဆုံး” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ RFA Burmese ဖော်ပြတဲ့သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://www.facebook.com/share/p/D9KomAj393xMZM7f/?mibextid=xfxF2i

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း ကြိမ်ချောင်းရွာကို ပစ္စည်းဝယ်ဖို့ သွားတဲ့ဒေသခံတွေ အခုလို ပစ်သတ်ခံရတာလို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာသတင်းဌာန ဖြေကြားထားတာတွေ့ရပါတယ်။ ရခိုင်နဲ့ မွတ်ဆလင်ဒေသခံတွေကလည်း အရပ်သားတွေကို အာဆာက သတ်သွားတာလို့ ပြောဆိုထားကြတာကို သတင်းထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အာဆာတပ်ဖွဲ့ဝင်တွေကို အရေးယူနိုင်ဖို့ အေအေက လိုက်လံရှာဖွေနေတယ်လို့လည်း ဖော်ပြပါတယ်။

နိရဉ္စရာသတင်းဌာနက ဖော်ပြတဲ့သတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://www.facebook.com/share/p/3LBt3314nPu7UhEN/?mibextid=xfxF2i

နောက်ထပ် ဒေသတွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG သတင်းဌာနမှာလည်း အဆိုပါပစ်ခတ်ခံရမှုအတွင်း ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။ အဲဒီသတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://www.facebook.com/share/p/VkJf4PVFpVpoSyQD/?mibextid=xfxF2i

◾ဗီဒီယိုစိစစ်ချက်

တယ်လီဂရမ်ချန်နယ်က ဖြန့်ချိတဲ့ ဗီဒီယိုမှာ အာဆာအဖွဲ့လိုဂိုပါတဲ့ ဗီဒီယိုဖြစ်တာ တွေ့ပါတယ်။ အဲဒီဗီဒီယိုကို တိုက်ဆိုင် စစ်ဆေးကြည့်ရာမှာတော့ အာဆာအဖွဲ့ပစ်ခတ်လို့ အရပ်သားငါးဦးသေဆုံးတဲ့ ဖြစ်ရပ် သတင်းတွေနဲ့ ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ ပါဝင်တဲ့ အဖြူရောင် ကန်တာ ကားအမျိုးအစားနဲ့၊ ကားအရောင်၊ နေရာအနေအထား တူညီနေတာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ သေနတ်ထိမှန်ထားတဲ့ ယာဉ်မောင်းဖြစ်သူကို ကားပေါ်က ဆွဲချတာကို တွေ့ရပါတယ်။ အရပ်ဝတ်နဲ့ အဲဒီယာဉ်မောင်းဟာ အာဆာအဖွဲ့ ပစ်ခတ်လို့ အရပ်သားငါးဦးသေဆုံးဆိုတဲ့ သတင်းတွေမှာတွေ့တဲ့ ယာဉ်မောင်း ဖြစ်နေတာတွေ့ရပါတယ်။

ဒါကြောင့် အေအေ ထောက်ပို့ကားမဟုတ်ဘဲ အရပ်သားတွေ စီးလာတဲ့ ကားဆိုတာကို စိစစ်တွေ့ရပါတယ်။

◾ဓာတ်ပုံစိစစ်ချက်

အာဆာက အေအေတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တယ်ဆိုပြီး တယ်လီဂရမ် ချန်နယ်မှာဖော်ပြတဲ့ ဓာတ်ပုံတွေကို Google search images နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာ Arakan Bay News က ဖော်ပြတဲ့ “မောင်တောမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးအပါအဝင် ခရီးသွားပြည်သူ ၇ ဦးကို ARSA အကြမ်းဖက် အဖွဲ့က ပစ်ခတ်သတ်ဖြတ်၊ ၅ ဦးသေဆုံး” ခေါင်းစဉ်နဲ့ ဖော်ပြတဲ့သတင်းက ယူသုံးထားတာကို စိစစ်တွေ့ရှိရပါတယ်။

Arakan Bay News က ဖော်ပြတဲ့ သတင်းနဲ့ ဓာတ်ပုံတွေကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://www.facebook.com/share/p/4k5m4qG4B5bR8yoU/?mibextid=qi2Omg

◾သုံးသပ်ချက်

မောင်တောမြို့နယ်မှာ ဇူလိုင်လ ၃၁ရက်က ကားတစ်စီးကို အာဆာအဖွဲ့က ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်ဆိုတာကို ဒေသတွင်းနဲ့ပြည်တွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်က သတင်းဓာတ်ပုံတွေ၊ ပစ်ခတ်မှု ဗီဒီယိုကိုယူပြီး ထိခိုက်သေဆုံးသူတွေဟာ အေအေတပ်ဖွဲ့ဝင်တွေဖြစ်တယ်၊ အေအေ ထောက်ပို့ကားကို အာဆာက တိုက်ခိုက်တာဖြစ်တယ်ဆိုပြီး တယ်လီဂရမ်ချန်နယ်တချို့က အရပ်သားသေဆုံး တာကို အေအေအဖြစ် ပုံဖော်သတင်းမှားဖြန့်နေတာ တွေ့ရပါတယ်။

သတင်းအတု၊ သတင်းအမှားတွေဟာ ပဋိပက္ခတွေကို စတင်ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တာကြောင့် သတိပြုကြဖို့လိုအပ်ပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watchနဲ့ AEN တို့ ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .