လားရှိုး တပ်မတော်ဆေးရုံကို MNDAAအဖွဲ့ ဝင်စီးပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ် ဆိုသည့် သတင်းအမှား
Share:FacebookX

လားရှိုး တပ်မတော်ဆေးရုံကို MNDAAအဖွဲ့ ဝင်စီးပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ် ဆိုသည့် သတင်းအမှား

7 August 2024 by Wadi / MPA

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံကို MNDAA နှင့် ပူးပေါင်းအဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်ပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ်ဆိုသည့် သတင်းအမှားများ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

Subscribers ၁၀,၀၀၀ ကျော်ရှိသည့် “View of Su” တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၂ ရက်၊ မနက် ၁၁ နာ ရီ အချိန်တွင် “#Breaking News ■ လားရှိး ရမခ တစ်ဝိုက်တွင်တိုက်ပွဲများ ပြင်းထန်နေ ■ တပ်မတော ကုတင် ၁၀၀ ဆေးရုံ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက် စီးနင်း တိုက်ခိုက်ခံရပြီး ဆရာဝန် ၊ သူနာ ပြု၊ ဒဏ်ရာရနေသူများ နှင့် ဆေးကုသနေသူများ သတ်ဖြတ်ခံရကြောင်း သိရ” ( မူရင်းရေးသားချက် ) ဟူ၍ ရေးသားဖြန့်ဝေခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၆၀၀၀ကျော် ရှိခဲ့သည်။

သတင်းအမှားဖြန့်ဝေထားသော “View of Su” တယ်လီဂရမ်ချန်နယ်သည် Eleven မီဒီယာ၏ သတင်း ဝက်ဘ်ဆိုက်လင့်ခ်ကို ညွှန်းဆိုပြသထားသည်။ Eleven မီဒီယာသည် စစ်ကောင်စီအလိုကျ သတင်းဖော်ပြ နေသော မီဒီယာဖြစ်ပြီး တိကျခိုင်မာမှု အားနည်းသော သတင်းများကို ရေးသားဖော်ပြလေ့ရှိသည်။ သတင်းအမှားလင့်ခ် – https://archive.ph/yBZUE

Subscribers ၆၃,၀၀၀ ကျော်ရှိသည့် ” Snow Queen” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ဩဂုတ် ၂ ရက်၊ မနက် ၁၁ နာရီ ၃၀ကျော်တွင် “ လားရှိး တပ်မတော်ဆေးရုံကို MNDAA နှင့် PDF များ ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ်ကာ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွား၊ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ NUG ဩဇာခံ မန္တလေး PDF အပါအဝင် လက်နက်ကိုင်တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက် နေ တဲ့ လားရှိးမြိုက တပ်မတော်ဆေးရုံ (၉ /၁၀၀) ကို ဒီနေ့ ဩဂုတ်လ ၂ ရက် မနက် ၆ နာရီကျော်မှာ MNDAA နဲ့ PDF တွေ ဝင်ရောက်စီးနင်းပြီး ဆရာဝန်၊ သူနာပြုနဲ့ လူနာတွေကို ပစ်သတ်ပြီး အချိုကို ဖမ်းဆီးခေါ် ဆောင် သွားတယ်လို ကနဦးသတင်းတွေအရ သိရပါတယ်။” ( မူရင်းရေးသားချက် ) ဟူ၍ ရေးသား ဖြန့်ဝေ ခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၁၃၀၀၀ ကျော် ၊ Reaction ပေးသူ ၂၄၀ ကျော်၊ မှတ်ချက်ပြုရေးသားသူ ၂၀ကျော် ရှိသည်။ သတင်းအမှားလင့်ခ်- https://archive.ph/8GHYp

“Snow Queen” ချန်နယ်က ဒီသတင်းအမှားအကြောင်းအရာကို ခေါင်းစဉ်မျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ရေးသားဖြန့် ဝေခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ၊ Reaction ပေးသူ နှင့် မှတ်ချက်ရေးသားသူ များပြားနေသည်။
ဒါ့အပြင် “Ye’Ba Nyein” တယ်လီဂရမ်ချန်နယ်ကလည်း ရုပ်သံဗီဒီယိုဖိုင်နှင့်တကွ သတင်းအမှား အကြောင်းအရာကို ဩဂုတ် ၂ရက်၊ ညနေပိုင်းတွင် ဖြန့်ဝေထားသည်။ သတင်းအမှားလင့်ခ် https://archive.ph/050cY

ဩဂုတ် ၂ ရက်က စတင်ပျံ့နှံ့ခဲ့သော သတင်းအမှားအကြောင်းအရာသည် ဩဂုတ် ၆ ရက်အထိ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေမှုများရှိခဲ့ရာ ပျံ့နှံ့မှုများပြားလျက်ရှိသည်။
အဆိုပါသတင်းအမှားကို အခြေခံပြီး ဩဂုတ် ၆ ရက်တွင် ရန်ကုန်နှင့်နေပြည်တော်တို့၌ MNDAA အလိုမရှိကြောင်း ဆန္ဒပြပွဲများကို စစ်ကောင်စီ ထောက်ခံသည့်သူများက ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသတင်းလင့်ခ် https://shorturl.at/WlmD5

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို Invid Video Verification tool ဖြင့် စစ်ဆေးပြီး ရလာသော Keyframe ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်သည့်အခါ BBC နှင့် Myanmar Now တွင် သတင်းရေးထားတာ တွေ့ရသည်။

သတင်းမီဒီယာများတွင် လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧရိယာအတွင်းရှိ ခုတင် ၁၀၀ ဆံ့ စစ်ဆေးရုံကို MNDAA အဖွဲ့က ၂၀၂၄ ဩဂုတ် ၂ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ဆေးရုံအတွင်းရှိ ဆေးဝန်ထမ်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း အင်အား ရာနှင့်ချီပြီး လက်နက် ချခဲ့ကြောင်း ရုပ်သံဗီဒီယိုဖိုင်နှင့်တကွ ဖော်ပြထားသည်။ ရုပ်သံထဲတွင် ဒဏ်ရာရထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် အလံဖြူများ ကိုင်၍ လမ်းလျှောက်သွားတာ မြင်တွေ့ရသည်။

သတင်းအပြည့်အစုံကို ဖတ်ရန် >>>BBC – https://shorturl.at/76QKr
Myanmar Now – https://shorturl.at/ZAzBX

ဆေးရုံရှိ ဆရာဝန်၊ သူနာပြု နှင့် လူနာများကို ပစ်သတ်သွားသည်ဆိုသော အချက်အလက် မှန် မမှန် စစ်ဆေးရန် Google တွင် “လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံ” ဆိုသည့် စာသားKeyword ဖြင့် ရှာဖွေကြည့်ရာ The Irrawaddy ၊ သျှမ်းသံတော်ဆင့် နှင့် Mizzima တွင် သတင်းရေးသား ဖော်ပြထားသည်။

၂၀၂၄ ဩဂုတ် ၂ ရက်တွင် The Irrawaddy သတင်းဖော်ပြမှုအရ လားရှိုးမြို့ နေရာအများစုကို MNDAA နှင့် ပူးပေါင်းတပ်များက ထိန်းထားပြီး အလုံးစုံသိမ်းပိုက်နိုင်ရေး ယခုလဆန်းမှစ၍ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်ခဲ့ကြောင်း၊ လားရှိုးလေဆိပ်ကို သိမ်းလိုက်နိုင်သည့်အပြင် ကပ်လျှက်ရှိ သည့် ရမခတိုင်းဝန်းကို ကျော်ဖြတ်၍ အမှတ်( ၉ ) တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀)ကို ယနေ့ နံနက်က အပြင်းအထန် တိုက်ခိုက်နေရာ စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ခုခံနေကြောင်း ထိုအနီးရှိ အမှတ် ၉ ရပ်ကွက်နေသူတဦးက ဧရာဝတီကိုပြောကြားသည်ဟူ၍ သတင်းရေးထားသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ The Irrawaddy – https://shorturl.at/XyLZL

၂၀၂၄ ဩဂုတ် ၂ ရက်တွင် ဒေသတွင်းသတင်းမီဒီယာတခုဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဖော်ပြချက် အရ ယမန်နေ့ ( သြဂုတ်လ ၁ရက်) တွင်စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့ကြား နှစ်ဘက်တိုက်ပွဲကြောင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးရှိ တပ်မတော် ကုတင် ၁၀၀ စစ်ဆေးရုံ တိုက်ခိုက်ခံရပြီး၊ ထိခိုက်သေဆုံးမှုများရှိနေကြောင်း လားရှိုးမြို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်ဟူ၍ ဖော်ပြထားသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ သျှမ်းသံတော်ဆင့် – https://shorturl.at/Dj2xm

၂၀၂၄ ဩဂုတ် ၆ ရက်နေ့ Mizzima သတင်းဌာနတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် ( ၉ ) ကုတင် ၁၀၀ တပ်မတော်ဆေးရုံရှိ ထိခိုက်ဒဏ်ရာရရှိထားသည့် လူနာများကို လက်နက်ချလိုက်သည့် စစ်ကောင်စီတပ်ဆရာဝန်များနှင့် MNDAA ၏ ဆေးတပ်ဖွဲ့တို့က ပူးပေါင်းဆေးကုသမှုပေးနေကြောင်း ရေးသားထားသည်။ ထို့ပြင် “ ညနေ ၅ နာရီခွဲလောက်မှာ ဆေးရုံအတွင်းထဲကို MNDAA တပ်ဖွဲ့တွေ ဝင်ရောက်မှု ရှိခဲ့ပါတယ်။ ကျနော်တို့ကို တွေ့ရှိခဲ့တဲ့ နောက်မှာ ပစ်ခတ်မှု မလုပ်ပါဘူး။ ကျနော်တို့ ဆရာဝန်၊ သူနာပြုတွေနဲ့အတူ ဒီဆေးရုံထဲမှာရှိတဲ့ လူနာတွေကို ဒီတပ်ဖွဲ့တွေကပဲ သေချာခေါ်ထုတ်ကြတာပါ။ ကျနော်ကိုယ်တိုင်လည်း လူနာတွေကို ထမ်းခေါ်ခဲ့ရတာ ရှိပါတယ်” ဟူ၍ အလင်းဝင် စစ်ကောင်စီအရိုးအထူးကုဆရာဝန်၏ ပြောစကားအား ထည့်သွင်းဖော်ပြထားသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ သတင်းအပြည့်အစုံကို ဖတ်ရန် >>> https://shorturl.at/r3AMe

၂၀၂၄ ဩဂုတ် ၆ ရက် Salween Press တွင်လည်း “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) စစ်ဆေးရုံအတွင်း ဩဂုတ် လ ဆန်းပိုင်းက ဖြစ်ပျက်ခဲ့ တိုက်ပွဲအဖြစ်အပျက်များနှင့်ပတ်သက်၍ လားရှိုး ကုတင်၁၀၀ စစ်ဆေးရုံမှ ဆရာဝန်ရဲ့ပြောကြားချက်ကိုနားဆင်နိုင်ပါပြီ” ဟု ဆိုကာ ဆရာဝန်နှစ်ဦး၏ ပြောစကား ရုပ်သံဖိုင်အား ဖော်ပြ ထားသည်။ ရုပ်သံဖိုင်တွင် ခွဲစိတ်ဆောင်ပေါ် ဗုံးတစ်လုံးကျခဲ့ကြောင်း၊ လူနာများနှင့် ဒဏ်ရာရ သူများကို ပစ်ခတ်မှု မရှိခဲ့ကြောင်း၊ လူနာများကို လုံခြုံရာရွှေ့ပြောင်းပြီး နေရာချထားပေးခဲ့ကြောင်း၊ ဆေးကုသရမည့် လူနာများကို ဆရာဝန်များနှင့် MNDAA ဆေးအဖွဲ့က ကုသမှုပေးခဲ့ကြောင်း” ပါရှိသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
သတင်းအပြည့်အစုံ ဖတ်ရန် >>> https://shorturl.at/u05B0

သုံးသပ်ချက်

သတင်းအချက်အလက်များကို အဆင့်ဆင့် စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် လားရှိုးမြို့ရှိ အမှတ် ( ၉ ) ကုတင် ၁၀၀ စစ်ဆေးရုံကို MNDAA က ဝင်ရောက်စီးနင်းခဲ့ကြောင်းစစ်ဆေး တွေ့ရှိရသည်။
သတင်းမီဒီယာများတွင် သတင်းဖော်ပြချက်အရ MNDAA နှင့် ပူးပေါင်းအဖွဲ့ ကုတင် ၁၀၀ ဆေးရုံအား ဝင်ရောက်စီးနင်းခဲ့မှုဖြစ်စဉ် မှန်ကန်သော်လည်း “MNDAA အဖွဲ့က ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ပစ်သတ်” ဟူ၍ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေနေသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။

အဆိုပါသတင်းအမှားသည် ဖြစ်စဉ်အမှန်ကို အခြေခံပြီ၍ သတင်းအမှားအဖြစ် ပုံဖော်ရေးသားဖော်ပြထား သောကြောင့် အခြေအနေအခင်းအကျင်းအမှား ( False Context ) သတင်းအမှား အမျိုးအစားဖြစ်သည်။
လက်ရှိ အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့မြင်လျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင် စလို မပြုလုပ်ရန် လိုအပ်သည်။ ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာ လုပ်ငန်း စဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာဌာနများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါ သည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .