မောင်တောက NGO INGO ရုံးတွေကို AA က ဖောက်ထွင်းမီးရှို့နေတယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

မောင်တောက NGO INGO ရုံးတွေကို AA က ဖောက်ထွင်းမီးရှို့နေတယ်ဆိုတဲ့သတင်းအမှား

မောင်တောက NGO INGO ရုံးတွေကို AA က ဖောက်ထွင်းမီးရှို့နေတယ်ဆိုတဲ့သတင်းအမှား

Dawei Watch| Fact Check

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာရှိတဲ့ NGO နဲ့ INGO ရုံး၊ ဂိုဒေါင်တွေကို AA တပ်က ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီး နေတယ်ဆိုပြီး Kyaw Swar အမည်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၃၁ ရက်မှာ ဖြန့်ဝေခဲ့ ပါတယ်။

မောင်တောမြို့မှာ အခြေစိုက်တဲ့ NGO/INGO ရုံးတွေကို AA အဖွဲ့က မီးရှို့ဖျက်ဆီးပြီး ဆန်နဲ့ ဆေးဝါးတွေကို သူတို့ ဖမ်းထားတဲ့ မွတ်ဆလင်တွေကိုသယ်ခိုင်းကာ ယူဆောင်သွားတယ်ဆိုပြီး ဖော်ပြတာပါ။

Subscriber ပြုလုပ်သူ တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ Kyaw Swar ချန်နယ်ရဲ့ ဖော်ပြချက်ဟာ ဩဂုတ်လ ၂ ရက်အထိ ကြည့်ရှူသူ ခြောက်သောင်းကျော်၊ Reaction ပြုလုပ်သူ ၇၅ကျော်၊ မှတ်ချက်ရေးသူ ၂၈ ဦးနဲ့ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ အဲဒီလို ဖြန့်ဝေထားတာကို အောက်ဖော်ပြပါ လင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/kyawswar49111/13505

အဲဒီအကြောင်းအရာကို Dawei Watch က အချက်အလက်ပြန်လည် စစ်ဆေးကြည့်ရာမှာတော့ မြေပြင်က အချက်အလက်တွေနဲ့ ကွဲလွဲနေတဲ့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိခဲ့ရပါတယ် ။

■ တိုက်ပွဲကာလထဲမှာ မောင်တောခရိုင်က NGO၊ INGO ရုံးသုံးရုံး ဖောက်ထွင်းခံရ

ရခိုင်မှာ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန် မောင်တောခရိုင်မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးနေတဲ့ NGO၊ INGO ရုံးသုံးရုံး ဖောက်ထွင်းဖျက်ဆီးခံရတယ်လို့ ရခိုင်အခြေစိုက်သတင်းမီဒီယာတွေနဲ့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်က မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ မှာရှိတဲ့ နယ်စည်းမထား ဆရာဝန်များအသင်း (MSF) ရုံးနဲ့ ဆေးသိုလှောင်တဲ့ ဂိုဒေါင်တို့ မီးရှို့ခံရတယ်လို့ MSF ကလည်း ထုတ်ပြန်ခဲ့သလို သတင်းဌာနတွေကလည်း သတင်း ဖော်ပြခဲ့ပါတယ်။ အရပ်သားတွေရဲ့ နေအိမ် နှစ်ရာကျော်လည်း မီးလောင်ကျွမ်းတယ်လို့ ဖော်ပြခဲ့ပါတယ်။

MSF ရဲ့ ထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/narinjara.info/posts/901076845392779?ref=embed_post

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/photo/?fbid=798507899095227&set=a.591171916495494

၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဘူးသီးတောင်မြို့မှာရှိတဲ့ MSF ရုံးနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးစတင်ရှို့ခဲ့တဲ့အကြောင်း ဒေသခံတွေ၊ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်လူငယ်တွေကို ခေါ်ဆောင်ပြီး မီးရှို့မှုကျူးလွန်ခဲ့တာဆိုပြီး ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ရဲ့ ပြောဆိုချက်ကိုလည်း အဲဒီသတင်းမှာ တွေ့ရပါတယ်။ “တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင်မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ” ခေါင်းစဉ်နဲ့ ဧရာဝတီက ဖော်ပြခဲ့တဲ့ သတင်းကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://burma.irrawaddy.com/news/2024/04/18/382459.html

အလားတူပဲ ဘီဘီစီ မြန်မာပိုင်းရဲ့ ရုပ်သံသတင်းမှာလည်း ဒီမီးရှို့မှုတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီက သင်တန်း ပေးထားတဲ့ မွတ်ဆလင်လူငယ်တွေ၊ စစ်ကောင်စီ ထောက်ပံ့နေတယ် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိနေတဲ့အကြောင်း ဧပြီလ ၁၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/BBCnewsBurmese/videos/409138775209181

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှာလည်း မောင်တောမြို့၊ ဝေသာလီရွာက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဂိုဒေါင်ထဲက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ဖောက်ထွင်းခိုးယူခံရပြီး ဂိုဒေါင်လည်း မီးရှို့ခံခဲ့ရပါတယ်။ ဂိုဒေါင် ဖောက်ထွင်းမီးရှို့ခံရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/photo/?fbid=865251112305992&set=a.600455975452175

WFP ဂိုဒေါင်က ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေနဲ့ စစ်သင်တန်းဆင်း မွတ်ဆလင်တွေက ဖောက်ထွင်းခိုးယူတာ ဖြစ်ပြီး အဲဒီနောက် ဂိုဒေါင်နဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ AA တပ်က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ရုပ်သံမှတ်တမ်းကို အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://t.me/aainfodesk/987

WFP ဂိုဒေါင်ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဂိုဒေါင်အတွင်းက ရိက္ခာပစ္စည်းတွေကိုယူဆောင်ခဲ့တဲ့အကြောင်း ဝန်ခံထားပါတယ်။ ဂိုဒေါင်မီးလောင်တာကတော့ AA က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ မီးလောင်ကျွမ်းတာလို့ စွပ်စွဲထားပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://www.moi.gov.mm/index.php/video/58034

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်ကလည်း မောင်တောမြို့မှာရှိတဲ့ ကြက်ခြေနီအသင်းရုံး ဖျက်ဆီးခံရပြီး ရုံးထဲက ဆေးဝါးနဲ့ ရုံးပစ္စည်းတွေ ယူဆောင်ခံရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်း လက်နက်ကိုင် အင်အား ၇ဝ လောက်က ဝင်ရောက်ဖျက်ဆီးပြီး ဆေးဝါးနဲ့ ရုံးပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီသတင်းကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။https://m.facebook.com/story.php?story_fbid=pfbid02tYotbdLNdrj6aRpko2KV4GcCBMBshoVuyC5F87ni8b1FTEJ3D8xzh2PFMSmNvKiMl&id=100064714144852&mibextid=CDWPTG

အထက်မှာဖော်ပြခဲ့တဲ့ NGO ၊ INGO ရုံးသုံးရုံး ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး နောက်ထပ် ရခိုင်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG ရဲ့ သတင်းဌာနက ဖော်ပြတဲ့ သတင်းကိုလည်း အောက်ဖော်ပြပါ လင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/THoff7Feazd947Gx/?mibextid=xfxF2i

■ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြတဲ့ဓာတ်ပုံ

Kyaw Swar တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်မှာ ဖော်ပြထားတဲ့ ပုံကို Google search image နဲ့ စစ်ဆေးကြည့်ရာမှာတော့ AA က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းကနေ စခရင်ရှော့ ဖမ်းယူထားတဲ့ ပုံဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

WFP ဂိုဒေါင်က ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေနဲ့ စစ်သင်တန်းဆင်း မွတ်ဆလင်တွေက ဖောက်ထွင်းခိုးယူ မီးရှို့တဲ့အကြောင်း AA က ရိုက်ကူး ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းကနေ ရယူထားတာပါ။

■ မီးရှို့ခံရတဲ့ ကာလအခြေအနေ

ဘူးသီးတောင်မြို့က MSF ရုံးနဲ့ ဂိုဒေါင် မီးရှို့ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားတဲ့ ကာလမှာ မြို့ပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ကာလဖြစ်ပြီး မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးလည်း မရှိသေးတာကို တွေ့ရပါတယ်။

မောင်တောမြို့မှာရှိတဲ့ WFP ဂိုဒေါင် ဖောက်ထွင်းမီးရှို့ခံရတဲ့ ကာလဟာလည်း မြို့ပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ကာလဖြစ်ပါတယ်။

မောင်တောမြို့မှာရှိတဲ့ ကြက်ခြေနီအသင်းရုံး ဖျက်ဆီးခံရတဲ့ ကာလကတော့ မြို့ပေါ်မှာ နှစ်ဖက် စစ်ရေးပြင်းထန်နေတဲ့ ကာလဖြစ်တာကို တွေ့ရပါတယ်။

■ သုံးသပ်ချက်

ရခိုင်မှာ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ကာလမှာ မောင်တောခရိုင်က NGO ၊ INGO ရုံးတွေ ဖောက်ထွင်းမီးရှို့ခံရမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ AA တပ်ဖွဲ့က ဖောက်ထွင်းမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ အချက်အလက်ကတော့ မတွေ့ရပါဘူး။

ဒေသခံတွေရဲ့ ပြောပြချက်တွေ၊ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာတော့ NGO ၊ INGO ရုံးတွေ ဖောက်ထွင်းမီးရှို့ဖျက်ဆီးခံရမှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေကို ခေါ်ယူအသုံးပြုခဲ့တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ AA တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် မြင်လာစေဖို့၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားလာစေဖို့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အခုလို စွပ်စွဲဖော်ပြတယ်လို့ သုံးသပ်ရပါတယ် ။

အလားတူ စစ်ကောင်စီက ၎င်းတို့ကျူးလွန်ခဲ့ တာဝန်မခံဘဲ လိမ်လည်ဝါဒဖြန့်ခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက်စစ်ဆေးထားတာကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://www.daweiwatch.com/21/06/2024/92983/

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Dawei Watch ရဲ့ သတင်းတွေကို

Instagram > https://www.instagram.com/dawei_watch/

Telegram > https://t.me/daweiwatch/

Website > https://www.daweiwatch.com/02/08/2024/96069/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .