လားရှိုးအကျဉ်းထောင်ဖေါက်ပြေးတဲ့ ဦးထွန်းထွန်းဟိန် ကို MNDAA နဲ့ PDF တွေက ပစ်သတ်လိုက်တယ် ဆိုတဲ့ သတင်းမှား 
Share:FacebookX

လားရှိုးအကျဉ်းထောင်ဖေါက်ပြေးတဲ့ ဦးထွန်းထွန်းဟိန် ကို MNDAA နဲ့ PDF တွေက ပစ်သတ်လိုက်တယ် ဆိုတဲ့ သတင်းမှား 

 

လားရှိုးအကျဉ်းထောင်ကလွတ်လာတဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဌဟောင်း ဦးထွန်းထွန်းဟိန် ကို MNDAA အဖွဲ့က သတ်ဖြတ်လိုက်တယ်လို့ရေးတဲ့အပြင် အခြားသတင်းတွေမှာ ဦးရည်မွန်နဲ့ဇော်ဝေစိုးအမိန့်အရ PDF တွေက သတ်လိုက်တယ်ဆိုကာ  စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖြန့်ဝေ နေပါတယ်။

စစ်ကောင်စီလော်ဘီ တယ်လီဂရန်ဖြစ်တဲ့ Ye Yint Htet(#yyh) ကနေ ၂၀၂၄ ဇူလိုင်လ ၃၀ ရက်မှာ “လားရှိး အကျဉ်းထောင်ဖေါက်ပြေးတဲ့ မြစ်မခသတင်းအယ်ဒီတာ မေသင်္ကြန်ဟိန်းရဲ့အဖေ ဦးထွန်းထွန်းဟိန် ကို MNDAA အဖွဲတွေက သတ်လိုက်ကြပြီလိုသိရပါတယ်၊ အခြားသတင်းတွေမှာတော့ ရည်မွန်နဲ့ ဇော်ဝေစိုး ရဲ့ အမိန့်ပေးချက်အရ PDF တွေကပစ်သတ်လိုက်တယ်လိုလည်းသိရပါတယ်၊ သတင်းတွေအတည်ပြုနိူင်ဖို ဆက်လက်စုံစမ်းနေပါတယ်”လို့ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

 

အဲဒီသတင်းကို လော်ဘီချန်နယ်ဖြစ်တဲ့ သတင်းတမာန် တယ်လီဂရန်ချန်နယ်ကနေလည်း ရေးသားဖြန့်ဝေ ထားတာကို တွေ့ရပါတယ်။

 

ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team က စိစစ်တဲ့ အခါ ထောင်ဖောက်ပြေးတယ်ဆိုတာ မဟုတ်ပဲ  MNDAA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ရာမှာ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေ ထွက်ပြေးသွားလို့ ထောင်ပွင့်သွားတာဖြစ်ပါတယ်။

ဦးထွန်းထွန်းဟိန် ပါ လွတ်မြောက်လာတဲ့ အကျဉ်းသား ၂၀၀ ကျော်ကို ပကဖ(လားရှိုးခရိုင်)နဲ့ တော်လှန်ရေး အင်အားစုတွေက ကာကွယ်စောင့်ရှောက်ထားတဲ့အတွက် ဦးထွန်းထွန်းဟိန် ကို MNDAA နဲ့ PDF တွေ သတ်လိုက်တယ်ဆိုတာ သတင်းမှားဖြစ်တာကို တွေ့ရှိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မှာ “ဆရာဦးထွန်းထွန်းဟိန်အပါ နိုင်ကျဉ်း(၂၀၀)ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)လားရှိုးခရိုင်နဲ့ တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်” လို့ ၂၀၂၄ ဇူလိုင် ၂၉ ရက်မှာ ရေးသားခဲ့တာကို ဖတ်ရှုနိုင်ပါတယ်။

 

ဦးထွန်းထွန်းဟိန်ရဲ့ သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၂၄ ဇူလိုင် ၂၉ ရက်က “ဖေဖေနဲ့ အကျဉ်းထောင်ထဲမတရားကျခံခဲ့ရတဲ့ ကျမတို့ သူရဲကောင်းများအတွက်  စိတ်အေးသွား ပါပြီ  ကျေးဇူးတင်ပါတယ်ရှင်”လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

May Thingyan Hein-Myitmakha Link- FB-1, FB-2 

၂၀၂၄ ဇူလိုင် ၃၁ ရက်မှာလဲ “လားရှိုးထောင်ကို စကစဘက်က ဖွင့်ပေးခဲ့တာမဟုတ်ပါဘူး၊ ထောင်ထဲက လူတွေကို သော့ခတ်ပြီး ထွက်သွားခဲ့ကြတာပါ၊ ထောင်ထဲ လက်နက်ကြီးတွေကျလို့ အချင်းချင်းကယ်ရင်းနဲ့ ထောင်ပွင့် သွားတာပါ။ စကစ ဘက်ကို ကျေးဇူးတင်စရာ အကြောင်းမရှိပါ”လို့ ရေးသားခဲ့တာကို ဖတ်ရှုနိုင် ပါတယ်။

May Thingyan Hein-Myitmakha Link-  FB-3

 

လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဦးထွန်းထွန်းဟိန် ပါအကျဉ်းသားအမျိုးသား ၁၇၁ ဦး၊ အမျိုးသမီး ၄၁ ဦးကို လားရှိုးခရိုင်ပကဖနဲ့ တော်လှန်ရေးအင်အားစုတွေက လုံခြုံတဲ့ ‌တစ်နေရာမှာ စောင့် ရှောက်ထားတယ်လို့ ၂၀၂၄ ဇူလိုင် ၂၉ ရက်က DVB , BBC, People’s Spring တို့ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

လားရှိုးအကျဉ်းထောင် ၂၀၂၄ ဇူလိုင်  ၂‌၈ ရက်မှာ ပွင့်သွားပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား တွေ လွတ်မြောက်သွားတယ်လို့ DVB ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

လားရှိုးအကျဉ်းထောင်က တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဦးစီးမှူးအပါအဝင် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ”(UWSA)က  ၂၀၂၄ ဇူလိုင်လ ၃၀ ရက်မှာ စစ်ကား ၃ စီးနဲ့မိုင်းရယ်မြို့ကို ခေါ်ထုတ် သွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး RFA ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်

ဦးထွန်းထွန်းဟိန် ပါ အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာတာမှာ မိုင်းစထိမှန်ထားသူတချို့ရှိလို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးနေတယ်လို့ ၂၀၂၄ ဇူလိုင် ၂၉ ရက်က RFA နဲ့ Myanmar Now ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဦးထွန်းထွန်းဟိန် ဟာ တိုက်ပွဲကြောင့် ထောင်ပွင့်လို့ လွတ်မြောက်လာတာကို ထောင်ဖောက်ပြေးတာလို့ လိမ်ညာရေးသားတဲ့အပြင် ကနဦးလွတ်မြောက်လာပြီး အဆက်အသွယ်မရရှိသေးတာကို အသုံးချပြီး ဦးထွန်းထွန်းဟိန်ကို MNDAA က သတ်ပစ်တာလို့ရေးသားတဲ့အပြင် NUG က ဇော်ဝေစိုးနဲ့ရည်မွန်တို့ အမိန့်အရ PDF က သတ်ပစ်တာလို့ အထင်အမြင်မှားအောင် လိမ်လည်ရေးသားဖြန့်ဝေတာပဲ ဖြစ်ပါတယ်။

အလားတူ PDF တွေဖမ်းဆီးထားတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်မျိုးသွင် သတ်ဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းအမှားကို DNA Fact Check အဖွဲ့က စိစစ်ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – Link

Fb – Link

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .