ထားဝယ်မြို့အနီးက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်တယ်ဆိုပြီး သတင်းမှားဖြန့်
Share:FacebookX

ထားဝယ်မြို့အနီးက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်တယ်ဆိုပြီး သတင်းမှားဖြန့်

ထားဝယ်မြို့အနီးက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်တယ်ဆိုပြီး သတင်းမှားဖြန့်
Dawei Watch၊ Fact Check
ထားဝယ်မြို့စွန်မှာရှိတဲ့ သပြေချောင်းရွာက မူလတန်းကျောင်းမှာ PDF တွေ မိုင်းထောင်ထားတာကြောင့် စစ်ကောင်စီတပ်က ရှင်းလင်းလိုက်ရတယ်လို့စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တစ်ခုက ဖြန့်ဝေခဲ့ပါတယ်။
“အမဲလိုက်မုဆိုးကြီး သတင်းအမှန်” အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေခဲ့တာပါ။

သပြေချောင်းရွာ မူလတန်းကျောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းထောင်ထားတာကို စစ်ကောင်စီတပ်က သတင်းလက်ဦးမှုရယူ၊ ရှာဖွေသိမ်းဆည်းရှင်းလင်းလိုက်ရပြီး ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း နေအိမ်သို့ ပြန်လွှတ်လိုက်ရတယ်လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။
အဲဒီအကြောင်းအရာကို ဇူလိုင်လ ၂၅ ရက်က ဖြန့်ဝေထားတာဖြစ်ပြီး ဇူလိုင်လ ၂၈ ရက် ည ၇ နာရီအထိ ကြည့်ရှုသူ ၆၀၀၀ နီးပါးရှိနေတာ တွေ့ရပါတယ်။ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်မှာဖော်ပြထားတဲ့လင့်မှာ ကြည့်နိုင်ပါတယ်။
အဲဒီလိုဖြန့်ဝေမှုကို Dawei Watch က အချက်အလက်စိစစ်ကြည့်ရာမှာတော့ အမှန်နဲ့ အမှားရောထွေးပြီး ပုံမှားဖျက်ဖို့ သတင်းဖြန့်ချိထားတယ်ဆိုတာကို စစ်ဆေးတွေ့ရှိပါတယ်။
မိုင်းတွေ့တာမဟုတ်၊ မိုင်းလန့်တာ
***
သပြေချောင်းရွာမှာရှိတဲ့ ဒေသခံတွေဆီကို ဆက်သွယ်မေးမြန်းချက်အရ သပြေချောင်းရွာမှာ စစ်ကောင်စီ တပ်နယ်ထဲက စာသင်ကျောင်းနဲ့ ဒေသခံက‌လေးတွေ တက်ရောက်နေတဲ့ ရွာထဲက မူလတန်းကျောင်းဆိုပြီး စာသင်ကျောင်း နှစ်ကျောင်း ရှိတယ်လို့ ပြောပါတယ်။
သပြေချောင်းရွာမှာ ထားဝယ် စစ်ကောင်စီတပ်နယ် ရှိပါတယ်။
အဲဒီကျောင်းနှစ်ကျောင်းထဲက ဒေသခံကလေးတွေ တက်ရောက်တဲ့ စာသင်ကျောင်းမှာ ဇူလိုင်လ ၂၅ ရက်က မိုင်းလန့်ခဲ့တာပါ။
ကျောင်းသားတစ်ဦး အိမ်သာသွားချိန်မှာ PVC အမျိုးအစား ပိုက်ဖြတ်စနှစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ပိုက်တောင့် (ပိုက်ဖြတ်စ) ကို ကောက်ယူပြီး ဆရာမဆီသွားပြရာ ဆရာမဖြစ်သူက မိုင်းလို့ သံသယဝင်ပြီး ‌ကျောင်းကို နေ့ထက်ဝက် ပိတ်ခဲ့တာလို့ ဆိုပါတယ်။
“အမှန်တကယ် မိုင်းတွေ့တာ မဟုတ်ဘူး။ ဘာလို့ အဲဒီလိုပြောနိုင်တာလဲဆိုရင် မိုင်းတွေ့တယ်ဆိုရင် စစ်တပ်က ရွာထဲလာပြီး ဖောက်ခွဲပစ်မှာပေါ့။ အခုက စစ်တပ်လည်းရွာထဲ ရောက်မလာဘူး။ ပိုက်တောင့်လေးနှစ်ခုတွေ့လို့ ကျောင်းပိတ်လိုက်တယ် ဆိုတာနဲ့ ပြီးသွားတယ်” လို့ သပြေချောင်းရွာ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
ဒါနဲ့ပတ်သက်လို့ တနင်္သာရီတိုင်းပညာရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာလည်း မိုင်းတွေ့လို့ စစ်ကောင်စီတပ်က ရှင်းလင်းလိုက်ရတယ်ဆိုတာမဟုတ်မမှန်ကြောင်း အတည်ပြုခဲ့ပါတယ်။
“တကယ်လို့ မိုင်းတွေ့ပြီး ရှင်းရ၊ လင်းရတယ်ဆိုရင် ရုံးကသိကို သိရမှာပေါ့။ အခုရုံးကလည်း ဘာမှမသိဘူး။ ဆရာမတွေ ကလည်း ဒီကိစ္စ ဘာမှ အကြောင်းကြားတာမရှိဘူး။ အစီရင်ခံစာလည်း မတက်ဘူးဆိုတော့ မိုင်းတွေ့တယ်ဆိုတာ မဖြစ်နိုင် ဘူး” လို့ စစ်ကောင်စီ တိုင်းပညာရေးမှူးရုံးရဲ့တာဝန်ရှိသူတစ်ဦးက Dawei Watch ကို ဖြေကြားပါတယ်။
ရွာအနေအထား
***
သပြေချောင်းရွာမှာ ထားဝယ်စစ်ကောင်စီတပ်နယ်ရှိပြီး စစ်ကောင်စီ ဆေးရုံတစ်ရုံလည်း ရှိပါတယ်။
သပြေချောင်းရွာမှာ ဝင်ပေါက်နှစ်ခုရှိပြီး အစစ်အဆေး တင်းကျပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေး-ထားဝယ် ကားလမ်းနံဘေးကနေ ဝင်တဲ့ ဝင်ပေါက်ကို စစ်ကောင်စီတပ်က သံဆူးကြိုးတွေ ကာရံလမ်းပိတ်ထားပြီး နောက်ဝင်ပေါက် တစ်ခုဟာလည်း ခြေလျင်တပ်ရင်း ၂၅ ဘေး လမ်းမကနေ ဝင်ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နယ်ရှိပြီး အစစ်အဆေးတင်းကျပ်လို့ သာမန်နေရာတွေထက် လုံခြုံရေး သတိရှိတဲ့နေရာမျိုးဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဝင်ထွက်သွားလာဖို့ မလွယ်ကူဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
စိစစ်တွေ့ရှိချက်
***
မူလတန်းကျောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းလာထောင်တယ်ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖြန့်ချိချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကို စိစစ်ချက်တွေအရ တွေ့ရပါတယ်။
သပြေချောင်းရွာထဲက မူလတန်းကျောင်းမှာ မိုင်းလန့်တာကြောင့် ကျောင်းနေ့ထက်ဝက်ပိတ်ခဲ့ရတာဟာ မှန်ကန်ပါတယ်။
ဒါပေမဲ့ PDF တွေက မိုင်းလာထောင်ထားလို့ စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ရတယ်ဆိုတဲ့အချက်ဟာ မှားယွင်းပါတယ်။
သုံးသပ်ချက်
***
မိုင်းလန့်လို့ ကျောင်းနေ့ထက်ဝက် ပိတ်လိုက်ရတာကို PDF က စာသင်ကျောင်းမှာ မိုင်းထောင်တယ်ဆိုပြီး တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပုံရိပ် ထိခိုက်အောင် ပုံဖျက်ဖို့ အချိန်ကိုက် ကြိုးပမ်းတာကို တွေ့ရပါတယ်။
PDF တွေ ထောင်ထားတဲ့ မိုင်းကို စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းပေးခဲ့တယ်ဆိုတာကလည်း ပြည်သူလူထုအပေါ် အကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပုံရိပ်ကို ဆွဲတင်ဖို့ ကြိုးပမ်းတာလို့လည်း သုံးသပ် ရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ အရင်ကလည်း အခုလိုမျိုး တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ရက်က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းမှာ လက်နက်ကြီးကျည်လို့ ယူဆရတဲ့ စစ်ကျန်လက်နက် ပေါက်ကွဲလို့ ကျောင်းသားတစ်ဦးသေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော်ဒဏ်ရာရတဲ့ ဖြစ်စဉ်မှာဆိုရင်လည်း PDF တွေ ဗုံးခွဲတာလို့ ဖြန့်ချိခဲ့ကြပါသေးတယ်။
People Media တယ်လီဂရမ်ချန်နယ်ကဆိုရင် PDF တွေ ဗုံးခွဲတာလို့ ဆိုပြီး “အမဲလိုက်မုဆိုးကြီး သတင်း၊ People Media တယ်လီဂရမ်ချန်နယ်ကဆိုရင် PDF တွေ ဗုံးခွဲတာလို့ ဆိုပြီး “အမဲလိုက်မုဆိုးကြီး သတင်းအမှန်” တယ်လီဂရမ်ချန်နယ်ကဆိုရင် PDF က ဒရော့ဗုံးချတာလို့ အချိန်ကိုက် သတင်းအမှား ဖြန့်ဝေခဲ့ကြပါတယ်။
အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်ဟာ မှားယွင်းကြောင်း Dawei Watch က အချက်အလက်စိစစ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်။ Dawei Watch ရဲ့ အချက်အလက် စိစစ်ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
သတင်းအမှားတွေဟာ ပြည်သူလူထုအတွက် အကျိုးမရှိဘဲ အဆိပ်အတောက်သာ ဖြစ်စေပါတယ်။ ပဋိပက္ခပြင်းထန်နေတဲ့ အခုလိုအချိန်မှာ သတင်းအမှားတွေ ပုံစံမျိုးစုံနဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်းအစုံမှာ ထွက်ပေါ်လျက်ရှိပါတယ်။
ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။
သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .