ကိုးကန့်တပ်က ဆင်းရဲတဲ့ တရုတ်ရွာသားတွေကို ခေါ်လာပြီး အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေးနေလို့ ဝ တပ်က စစ်ကောင်စီနဲ့ညှိပြီး လားရှိုးကို လာရောက်ကာ လုံခြုံရေးယူပေးတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

ကိုးကန့်တပ်က ဆင်းရဲတဲ့ တရုတ်ရွာသားတွေကို ခေါ်လာပြီး အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေးနေလို့ ဝ တပ်က စစ်ကောင်စီနဲ့ညှိပြီး လားရှိုးကို လာရောက်ကာ လုံခြုံရေးယူပေးတယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကိုးကန့်တပ် MNDAA တွေက ဆင်းရဲတဲ့ တရုတ်ရွာသား တွေကို ကြေးစားအနေနဲ့ခေါ်လာပြီး သိမ်းယူရရှိတဲ့ မြို့ရွာတွေက အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေး ထားလို့ ဝ တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လားရှိုးကို လုံခြုံရေးယူပေးဖို့ လာရောက်တာလို့ ရေးသား ထားမှုတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ News of Myanmar NOM နဲ့ Ko Thet တို့က ဇူလိုင်လ ၂၈ ရက်မှာ “တပ်မတော်နှင့်ညှိနှိင်းပြီးနောက် ဝ တပ်ဖွဲများသည် လားရှိးသို့ ဇူလိုင်လ ၂၈ ရက်တွင် ဝင်ရောက်လုံခြုံရေး ယူလိုက်ကြောင်း သိရသည်။ ဝ တာဝန်ရှိသူတစ်ဦးကို NOM က ဆက်သွယ်မေးမြန်းရာ ကိုးကန့်တပ်များ သည် ဆင်းရဲသော တရုတ်ရွာသားများကို ​ကြေးစားအဖြစ်ခေါ်လာပြီး သူတိုသိမ်းမိသည့်မြိုရွာများတွင် အိမ် များကို လုယက်ယူဆောင်ခွင့်ပေးထားကြောင်း၊ ဝ တပ်များ ဝင်ရောက်နေရာယူလိုက်သဖြင့် ပစ်ခတ်မှုများ၊ ဖောက်ထွင်းခိုးယူမှုများ ရပ်ဆိုင်းသွားကြောင်းနှင့်အထူးပြောလိုသည်မှာ လားရှိးကို ဝ က ဝင်သိမ်းခြင်း မဟုတ်ပဲ တပ်မတော်နှင့်ညှိနှိင်းချက်အရ မြို မပျက်စီးစေရန် လုံခြုံရေးဝင်ယူပေးခြင်းသာဖြစ်သည်ဟု ဖြေကြားသွားသည်” လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

အဲဒီသတင်းကို Kyaw Swar, Snow Queen, NayMin News, DGF21 News, Sit Min, Min Chit Oo, Ye Yint Htet, ကိုနှင်းမောင် စတဲ့ လော်ဘီချန်နယ်အများအပြားက ရေးသားထားတာနဲ့ မျှဝေထားတာ တွေ့ရပါတယ်။

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team က စိစစ် ကြည့်တဲ့အခါမှာ UWSA ဟာ လားရှိုးမြို့က ပြင်ပဆက်ဆံရေးရုံးနဲ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ တိုက်ပွဲဖြစ် နေတဲ့ စစ်ကောင်စီနဲ့ MNDAA ကို အကြောင်းကြားပြီး ဝင်လာတာမှန်ပေမဲ့ MNDAA က ဆင်းရဲတဲ့ တရုတ် ရွာသားတွေကို​ကြေးစားအဖြစ်ခေါ်ပြီး  အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေးထားတယ် ဆိုတာနဲ့ ဝ က တပ်မတော်နဲ့ညှိပြီး မြို မပျက်စီးစေရန် လုံခြုံရေးဝင်ယူပေးခြင်းသာဖြစ်တယ်လို့ NOM ကို ဝ တာဝန်ရှိသူ တစ်ဦးက ဖြေကြားတယ်ဆိုတာ သတင်းမှားဖြစ်တာကို တွေ့ရှိရပါတယ်။

“လားရှိုးမြို့တိုင်းရင်းသားပေါင်းစုံရဲ့လိုလားချက်အရ လားရှိုးမြို့နယ်က ဝ ပြင်ပဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင် မှုတွေကိုကာကွယ်ဖို့ UWSA က လားရှိုးမြို့ထဲ ဇူလိုင်လ ၂၇ ရက်မှာ ဝင်ရောက်ခဲ့တာမှာ  တိုက်ပွဲဖြစ်ပွား နေတဲ့ အဖက်ဖက်တို့ကိုအသိပေးပြီးမှ လာတာဖြစ်ပြီး တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်း ခြင်းနဲ့ ပံ့ပိုးပေးခြင်းများကို လုပ်ဆောင်မှာ မဟုတ်ဘူး” လို့ သတင်းဌာနတွေဖြစ်တဲ့ မဲခေါင်သတင်းဌာနThe Irrawaddy-Burmese Edition, People’s Spring တွေအပါအဝင် သတင်းဌာန အများအပြားကို UWSA ပြင်ပဆက်ဆံရေးမှူး ဦးညီရမ်းက ဖြေကြားခဲ့တယ်လို့ ရေးသားထားတာ ဖတ်ရှုနိုင်ပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ မီဒီယာတခုဖြစ်တဲ့ Eleven Media Group ကနေ “လားရှိုးမြို့ရှိ ဝ တပ်ဖွဲ့၏ လားရှိုးပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် “ဝ” လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၇ ရက် ညပိုင်းက လားရှိုးမြို့သို့ အဖက်ဖက်ကို အသိပေးလာတာဖြစ်ပြီး တိုက်ပွဲအတွင်းပါဝင်မှာ မဟုတ်ဘူးလို့ The Daily Eleven သတင်းစာကို ပြောတယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

စစ်ကောင်စီတပ်နဲ့ MNDAA တို့ကြား တိုက်ပွဲဆက်ရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် ဝင်ရောက်တာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကြိုတင် အကြောင်းကြားမှု ရှိခဲ့ပါတယ်”လို့ BBC ကိုပြောကြားခဲ့တယ်ဆိုတာကို ဖတ်ရှုနိုင်ပါတယ်။

MNDAA က ဇူလိုင်လ ၂၅ ရက်နဲ့ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာချက်စာအမှတ် ၂၀၂၄/၂၄ နဲ့ ထုတ်ပြန်ချက် ၂၀၂၄/စရ/၂၇ တို့ကို ထုတ်ပြန်ခဲ့ပြီး လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်းပြီး တပ်ဖွဲ့ဝင်တွေ စည်းကမ်းဖောက်ပါက တိုင်ကြားနိုင်တယ်လို့ အချက် ၈ ချက်နဲ့ထုတ်ပြန်ခဲ့သလို အထူးဒေသ ၁ အုပ်ချုပ်ရေး နဲ့စစ်ရေးကော်မတီတို့က အချက် ၈ ချက်ပါ စည်းကမ်းချက်တွေကို  ထုတ်ပြန်ခဲ့တာ ဖတ်ရှုနိုင်ပါတယ်။

ထုတ်ပြန်ချက် ၂၄- https://archive.ph/LeP4G#selection-1349.0-1357.17

ထုတ်ပြန်ချက်-၂၇- https://archive.ph/6rYLf

လားရှိုးမြို့မှာ ဇူလိုင် ၂၉ ရက်က ဖောက်ထွင်းခိုးယူနေတဲ့ ၃၀ ဦးခန့်ကို သူတို့ယူလာတဲ့ ပစ္စည်းတွေ ခိုးလာတဲ့ အိမ်ထဲ ပြန်ပို့ခိုင်းခဲ့ကြောင်းနဲ့ ခိုးယူလုယက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားတယ်လို့ ပညာပေးပြီး နောက်ထပ်တွေ့ရင် ပြင်းထန်စွာအရေးယူမယ်လို့ ပြောခဲ့တဲ့အပြင် စားနပ်ရိက္ခာလိုအပ်ပါက MNDAA နဲ့ မဟာမိတ်တွေထံ အကူအညီတောင်းခံပါက ကူညီဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ကြောင်း  Mekong News က ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

လားရှိုးမြို့၊ ၁ ရပ်ကွက်၊ ပါရမီလမ်းအတွင်းက UWSA ရဲ့ ပြင်ပဆက်ဆံရေးရုံးနဲ့ လားရှိုးမြို့က ဝ ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဆောက်အဦတွေကို ကာကွယ်ဖို့ လားရှိုးမြို့ကို ရောက်ရှိနေတာလို့ပြောဆိုထား ချက်အပြင် ဝ အနေနဲ့ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ ဘက်မလိုက်မူဝါဒကို အချိန်ကာလနဲ့ အခြေအနေအရ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးဆိုတဲ့ထုတ်ပြန်ချက်ကို DNA က ရေးသားထားတာ ဖတ်ရှုနိုင်ပါတယ်။

MNDAA နဲ့ UWSA တို့ဟာ FPNCC မဟာမိတ်အဖွဲဝင်ဖြစ်လို့ တပ်ရဲ့ညှိနှိုင်းမှုနဲ့လားရှိုးမြို့မပျက်ဖို့ ဝ က လုံခြုံရေးယူပေးတယ်လို့ရေးသားမှုဟာ မှားယွင်းနေတဲ့အပြင် ဆင်းရဲတဲ့ တရုတ်ရွာသားတွေကို​ ကြေးစား ခေါ်ပြီး အိမ်တွေကို လုယက်ယူဆောင်ခွင့်ပေးထားတယ်ဆိုတဲ့ အကြောင်းကို ဒေသတွင်းနဲ့လွတ်လပ်တဲ့ မီဒီယာတွေမှာရေးသားထားတာကို မတွေ့ရှိရတဲ့အတွက် မှားယွင်းအကြောင်းအရာ false content ဖြစ်တာ ကို တွေ့ရှိရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ ကနေ ဝင် ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

DNA Fact Check Connect- Link 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .