သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း
Share:FacebookX

သေနတ်ထောက်၍ မြန်မာဘီယာရောင်းရန် စေ့ဆော်ခြင်း

ဖြစ်စဉ်အကျဉ်း

စစ်တပ်ထုတ်ကုန်များကို ခြိမ်းခြောက်ရောင်းချရာတွင် စစ်လော်ဘီ Telegram အကောင့်များမှ တစ်ဆင့် လှုံ့ဆော်ပါဝင်ခဲ့သည်။ စစ်တပ်ထုတ်ကုန် (အဓိကအားဖြင့် မြန်မာဘီယာ)  အရောင်းမတင်ပါက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး မြေပြင်တွင်လည်း အမှန်တကယ် ခြိမ်းခြောက် ဖမ်းဆီးခြင်း ရှိခဲ့သည်။ ယင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလဖြစ်ရပ်လေ့လာချက် တစ်ရပ်အနေနှင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဖြစ်စဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူများ၏ ဆန္ဒမဲများကို မျက်ကွယ်ပြုကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ ထုတ်ကုန်များ “မသုံးစွဲရေး” သပိတ်ကို ဆန္ဒထုတ်ဖော်လျက်ရှိသည်။

မြန်မာဘီယာကို နှစ်ခြိုက်စွာ နှစ်ပေါင်းများစွာသောက်လာသူများကပင် နွေဦးတော်လှန်ရေးတွင် ရှေ့တန်း၌ လက်နက်ကိုင် တိုက်ပွဲမဝင်နိုင်ရင်တောင် စစ်တပ်ကို ဝင်ငွေတိုးစေမည့် မြန်မာဘီယာကိုတော့ ရှောင်ကြဉ်မည် ဆိုသည့် စိတ်ထားများနှင့် သပိတ်မှောက်နေကြကြောင်း သတင်းဌာနများ၏ တင်ဆက်မှုများအရ သိရသည်။

မြန်မာဘီယာရောင်းသည့် ဆိုင်ဆိုလျင်ပင် အမြင်မကြည်လင်မှုများဖြင့် ပြည်သူများက ရှုတ်ချတုန့်ပြန်ခဲ့ကြ ခြင်းများကြောင့် မြို့ပြဒေသစားသောက်ဆိုင်များတွင် ရှိတတ်သော မြန်မာဘီယာအမှတ်အသားပါ ဆိုင်းဘုတ်များကိုလည်း ဆိုင်ရှင်အများစုက ပြန်ဖြုတ်ချထားကြရသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများစိုးမိုးသည့် နေရာများနှင့် တိုင်းရင်းသားဒေသများတွင်လည်း စစ်တပ်ထုတ်ကုန်များကို မသုံးစွဲရေးအမိန့်များထုတ်ခြင်း၊ တွေ့ရှိပါက ဖျက်ဆီးခြင်းများ ပြုလုပ်ကာ ဆန့်ကျင်နေကြသည်။

ထို့ကြောင့် အဖျော်ယမကာဈေးကွက်တွင် ပြိုင်ဘက်ကင်းအမှတ်တံဆိပ်ဖြစ်ခဲ့သော မြန်မာဘီယာမှာ လက်ရှိအချိန်၌ ဆိုင်တကာ့ဆိုင်များတွင် မတွေ့ရသလောက် ရှားပါးလာသည်။

ထိုကဲ့သို့ ပြည်သူများ၏ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးစိတ်ဖြင့် သပိတ်မှောက်နေသည့်အတွက် ဈေးကွက်ထဲတွင် ကာလရှည်ကြာ စိုးမိုးထားနိုင်ခဲ့သည့် မြန်မာဘီယာရောင်းအားများထိုးကျသွားကာ အရှုံးပေါ်နေသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၁၉၉၅ ခုနှစ်တွင် မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ဖြင့် မြန်မာဘရူဝါရီကုမ္ပဏီကို တည်ထောင်ပြီး မြန်မာဘီယာ စတင်ထုတ်လုပ်သည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်စက်မှုဇုန်၌ မြန်မာဘီယာထုတ်လုပ်သည့် စက်ရုံရှိသည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာရန် အကန့်အသတ်ရှိသည်ဖြစ်ရာ မြန်မာဘီယာမှာ ပြည်တွင်းဈေးကွက်၌ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ဆယ်စုနှစ် သုံးစုနီးပါး လွှမ်းမိုးနိုင်ခဲ့သည့် မြန်မာဘီယာသည်ပင် ပြည်သူများ၏ သပိတ်မှောက်သည့် ဒဏ်ကို အလူးအလဲရနေရပြီဖြစ်သည်။

ထို့ကြောင့် စစ်တပ်သည် လွှမ်းမိုးထားနိုင်သည့် မြို့ကြီးပြကြီးများရှိ ဆိုင်များတွင် စစ်တပ်ထုတ်ကုန်  များ မဖြစ်မနေရောင်းဖို့ အမိန့်ထုတ်၍ တဖုံ၊ သေနတ်ပြ၍ တနည်း၊ အွန်လိုင်းမှ တစ်ဖွယ် ခြိမ်းခြောက် ဖိအားပေးခြင်းများကို ဆက်တိုက်လုပ်ဆောင်လာသည်။

Read More – https://theredflagmedia.org/sales-of-myanmar-beer-are-being-forcibly-promoted-to-sellers-under-the-threat-of-a-gun/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .