ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်
Share:FacebookX

ရခိုင်၌ ကျောင်းဆရာမတဦး အသတ်ခံရမှု ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော် ပုံဖော်

ဖြစ်စဉ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာကျေးရွာမှ တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားစဉ် လမ်းခုလတ်တွင် လည်လှီး သတ်ဖြတ်ခံခဲ့ရသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနများနှင့် သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။

အချို့သော သတင်းဌာနများတွင် မုဒိမ်းကျင့်ခံရခြင်းရှိသည်ဟု ထည့်သွင်းရေးသားကြသော်လည်း အသတ်ခံရသည့် နေ့တွင်ပင် မီးသဂြိုလ်ခြင်းကြောင့် ဖြစ်စဉ်မှန်ကို ရှာဖွေရန်ခက်ခဲမှုများ ကြုံနေရပြီး မုဒိမ်းကျင့် သတ်ခံရသည့် ဖြစ်စဉ်ရှိ၊ မရှိကို တိကျစွာ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

အခင်းဖြစ်ပွားရာ နေရာဒေသ ပန်းဖော်ပြင်ကျေးရွာနှင့် ကျွန်းပေါ်ပေါက်တောကျေးရွာတို့အနီးတွင် ရက္ခိုင့်တပ်တော် (ULA/AA) တပ်စခန်းရှိပြီး အဆိုပါစခန်းက သံသယတရားခံများကို ဖမ်းဆီး ကာ ဖက်လိပ်တရားရုံးတော်က ကိုင်တွယ်ဖြေရှင်းနေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

စုံစမ်းမှုပြုလုပ်နေစဉ် သံသယတရားခံတဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး၊ ထွက်ပြေးလွတ်မြောက်သွားသည့် သံသယတရားခံ အမျိုးသားမှာ ကျွန်းပေါ် ပေါက်တောကျေးရွာ၌ ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းထဲက ဖြစ်ကြောင်းနှင့် ULA/AA ၏ ရန်ပုံငွေရှာဖွေရေးအပါအဝင် ထောက်ပံ့ရေးလုပ်ငန်းစဉ်များထဲတွင် ပါဝင်သူတစ်ဦးလည်းဖြစ်ကြောင်း ဆရာမ အသိုင်းအဝိုင်းက အတည်ပြုထားသည်။

သို့သော် ထိုသံသယရှိသူကို တပတ်အကြာတွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း AAက ထုတ်ပြန်ပြီး စစ်ဆေးမှုများကို ယခုတိုင် ပြုလုပ်နေဆဲ ဖြစ်သည်။

ဖြစ်စဉ်မှန် အမြန်ပေါ်ပေါက်ရေးအတွက် ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆရာမ၏ မိသားစုဝင်များက တစိုက်မတ်မတ်တောင်းဆို၊ စာထုတ်ပြန်ခြင်းများ ပြုလုပ်နေသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင် ဖြစ်စဉ်စစချင်းတွင် “လည်လှီးသတ်ဖြတ်ခံရသည်ဆိုသည့် ဖြစ်စဉ်” စကားရပ်အပေါ် မူတည်၍ ကျူးလွန်သူသည် အစ္စလာမ်ဘာသာဝင်၊ ရိုဟင်ဂျာလူမျိုးက ရခိုင်ကျောင်းဆရာမကို မုဒိမ့်ကျင့် သတ်ဖြတ်သယောင် စတင်ပုံဖော် ဖြန့်ချိခဲ့ကြသည်။

ထို့နောက်သံသယတရားခံများသည် ဘာသာခြားများမဟုတ်ဘဲ ကျေးရွာအတွင်း ဩဇာကြီးမားသူများဖြစ်ကြောင်း ပေါ်ထွက်လာပြီးသည့်နောက် AA၏ လူယုံများဖြစ်၍ အပြစ်မပေးနိုင်ဘဲ ပြစ်ဒဏ်မှ လွတ်ကင်းသွားတော့မည့်သယောင် ဖြန့်ချိမှုများကို ပြောင်းလဲ ပြုလုပ်လာပါသည်။

ထို့ကြောင့် ယခုဖြစ်စဉ် စဖြစ်စတွင် စစ်တပ်ထောက်ခံအုပ်စုများသည် ၂၀၁၂ခုနှစ်က ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းဖြစ်စဉ်အထိ ဖြစ်ပွားခဲ့သည့် ကျောက်နီမော်ကျေးရွာအုပ်စုမှ  မသီတာထွေးဖြစ်စဉ်ကဲ့သို့ ပုံဖော်ခဲ့ကြသည်။ ထိုနောက် သံသယတရားခံများမှာ ဘာသာခြားမဟုတ်သည့် အချိန်တွင်မှ ရက္ခိုင့်တပ်တော် (AA)နှင့် ပြည်သူအကြား သွေကွဲစေရန် ပြောင်းလဲ ဖြန့်ချိမှုကို သတိပြုမိခဲ့၍ The Red Flagအနေဖြင့်  ဖြစ်ရပ်လေ့လာချက်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။

Read More – https://theredflagmedia.org/the-narrative-surrounding-the-killing-of-a-school-teacher-in-rakhine-is-being-framed-in-terms-of-religious-and-racial-motivations/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .