ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ
Share:FacebookX

ဝါဒဖြန့်ချိရေး အသုံးတော်ခံဖြစ်သွားသူများ

သင်္ကြန်အကြိုကာလအတွင်း ပဇီကြီးတွင် လူအများအပြားကို လေကြောင်းမှ အကြမ်းဖက်သတ်ဖြတ်ပြီး အနုပညာရှင်များကို အချိန်ကိုက် အသုံးချ ဝါဒဖြန့်ချိမှုကို ထင်ရှားစွာ မြင်တွေ့ရသည်။

ဖြစ်စဉ်အကျဉ်းချုပ်

စစ်ကောင်စီသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အချိန်အတွင်းမှာ မြေပြင်အခြေအနေ အရပ်ရပ်ကို တည် ငြိမ်အောင် ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ တဖက်တွင်လည်း အွန်လိုင်း သတင်း မီဒီယာများကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပါ။ ရုပ်မြင်သံကြားလိုင်းများနှင့် ပုံနှိပ်မီဒီယာများကို ထိန်းချုပ်ထားနိုင်သော်လည်း ယနေ့ခေတ်၏ အမှတ်အသားတွေဖြစ်သည့် အွန်လိုင်းနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် မလွှမ်းနိုင်သေးပါ။ ကျရှုံးနေသည်ဟုတောင် ကောက်ချက်ချနိုင်ပါသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများ၊ ကျောထောက်နောက်ခံ မီဒီယာများနှင့် စစ်ကောင်စီထောက်ခံသူများ၏ အကောင့်များ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှ အကြိမ်ကြိမ် ဖြုတ်ချခံနေရသည်။

စစ်ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ် ခဲ့သည့် MRTV Application ဆိုရင် MRTV app ကို ဒေါင်းလုပ်ဆွဲရယူရသည့် ပလက်ဖောင်းတွေဖြစ်တဲ့ Apple store နဲ့ Google play store တို့က ယနေ့တင် နောက်တရက်မှာတင် ချက်ချင်း ဖြုတ်ချခြင်းကို ခံခဲ့ရတာပါ။ ယင်းအခြေအနေတွေကြောင့် စစ်တပ်ဟာ ကိုယ်ပိုင်ဆိုရှယ်မီဒီယာ ကွန်ရက်တခုထူထောင်ဖို့ကို ကြိုးစားရုံမကဘဲ Facebook ကိုပါပိတ်ပင်ဖို့ တရား ဝင် ထုတ်ဖော်ပြောကြားခဲ့ရပါသေးသည်။

ထို့ကြောင့် လူသိများထင်ရှား၊ ပရိသတ်များပြားသည့် အနုပညာရှင်များဘက်ကိုလှည့်ကာ စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် မီဒီယာစင်တာကြီးတစ်ခု ဖွင့်လှစ်ခဲ့သလို လူသိများ ထင်ရှား၊ ပရိသတ်အင်အားများကို ရယူရန်အတွက် ၂၀၂၁၊ အောက်တိုဘာလကုန်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်ရောက်လာကာ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များကို တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် အဖွဲ့အသီးသီးအတွက် ကိုဗစ်ချေးငွေဟု အမည်တပ်ထားသည့် ရန်ပုံငွေကျပ်သိန်း ၄,၀၀၀ ပေးခဲ့သည်။ ရာဂဏန်းရှိ ဆန်၊ ဆီ၊ ပဲ အိတ်များလည်း ဝေငှသည်။ နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ကြရန်လည်း အာဏာသိမ်းခေါင်းဆောင်က စည်းရုံးခဲ့သည်။

အဖက်ဖက်က အထိနာလာသည့် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အရပ်သားများစွာရှိရာကို ဦးတည်တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများ၊ ဆေးရုံများကို ဗုံးကြဲမှုများ၊ ရက်စက်ကြမ်းကြုတ် လှသည့် သတ်ဖြတ်၊ ဖမ်းဆီးသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့သည်။ စစ်အာဏာရှင်များ၏ လုပ်နေကြ နည်းနာများအတိုင်း ကျူးလွန်ခဲ့သမျှအကြမ်းဖက်မှုများကို ဖုံးကွယ်ရန် စစ်တပ် ထောက်ခံသူ စာမျက်နှာများစွာက သတင်းတု၊ သတင်းမှားများစွာကို ဖန်တီးဖြန့်ချိခဲ့ကြသည်။

ထို့ပြင် ဧပြီလ၏ ထူးခြားချက်မှာ စစ်တပ်၏ ဝါဒဖြန့်ချိရေးယန္တရားပိုမိုချဲ့ထွင်လည်ပါတ်နိုင်စေရန် ခွေးသွားစိတ် များအဖြစ် အများပြည်သူ အားပေးမှု များပြားသည့် အနုပညာရှင်များကို အသုံးချခဲ့ခြင်း ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများအာရုံးစူးစိုက်မှု လျော့နည်း စေရန်၊ ဝေဝါး သွားစေရန်အတွက် ပြည်သူ ချစ်ခင်၊ စိတ်ဝင်စားမှုများသည့် အနုပညာရှင်များကို အသုံးချ၍ သွေးခွဲသည့် ဝါဒဖြန့်ချိ မှုဖြစ်ရပ်များကို ဖန်တီးခဲ့ကြသည်။

စစ်တပ်၏ ထိုနည်းနာကို လေ့လာနိုင်ရန်အတွက် The Red Flag အနေဖြင့် အာဏာရှင်စစ်တပ်ဝါဒဖြန့်ချိရေး၏ အသုံးတော်ခံများဖြစ်သွားသည့် အနုပညာရှင်များ ဖြစ်ရပ်လေ့လာချက် Case Study အဖြစ် လေ့လာမှတ်တမ်းတင်အပ်ပါသည်။

Read More – https://theredflagmedia.org/the-people-celebrities-and-influencers-who-became-victims-of-the-propaganda-case-study/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .