ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်
Share:FacebookX

ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကမူ PDF/NUG ခြေကုပ်စစ်ရေး ပစ်မှတ်ကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ရွာသားများကမူ အရပ်ဘက် ရုံးဖွင့်ပွဲတစ်ခုဖြစ်ပြီး PDF အချို့အပါအဝင် အရပ်သား ရာချီ သေဆုံးခဲ့သည်ဟုဆိုသည် NUG ကမူ ရုံးဖွင့်ပွဲ မဟုတ်ဘဲ အိမ်သစ်တက်ပွဲသာ ဖြစ်သည်ဟုဆိုသည်။ 

ဖြစ်စဉ်အကျဉ်းချုပ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ် ဧပြီလ၊ ၁၁ ရက်နေ့ မနက်ပိုင်း၌ စစ်တပ်မှ  လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် တိုက်ခိုက်ရေးရဟတ်ယာဉ်မှ တစ်ဆင့်  ပစ်ခတ်ခဲ့သည်။ ထိုကြောင့် လူဦးရေ တစ်ထောင်ကျော်သာရှိသည့် ပဇီကြီးရွာတွင် လူ ၁၇၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ကလေးငယ်တွေက ၃၈ ဦးထိ ပါဝင်ခဲ့ကာ  တစ်ရွာလုံးနီးပါး နာရေးအိမ်ဖြစ်သွားကြောင်း ဒေသခံများက ဆိုသည်။

၂၀၂၀ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စာရင်းတွေအရ ပဇီကြီးကျေးရွာအုပ်စုမှာ အိမ်ခြေ ခုနစ်ရာကျော်ရှိပြီး လူဦးရေ သုံးထောင်ကျော်ရှိကြောင်းသိရှိရပါသည်။ ပဇီကြီးရွာသည် ရွှေဘို-မြစ်ကြီးနား ကားလမ်းမှ  ဧရာဝတီမြစ်ကမ်းရှိ မလည်တိုက်နယ်ကို သွားရာ လမ်းကြောင်းတွင် ရှိသည်။ ကုန်စုံဆိုင် ၃ ဆိုင်သာ ရှိပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ပေါ်မှ တစ်နာရီခွဲခန့် ယာဉ်မောင်းသွားရသည်။ အစိုးရ လျှပ်စစ်မီးမရသေးဘဲ ဘက္ထရီကိုသာ အဓိက အားထားနေရသည့် ရွာတစ်ရွာဖြစ်သည်။

ရွာတွင် ပဲ နှင့်နှမ်းကို အဓိကစိုက်ပျိုးကြသည်။ ကျေးလက် ဆေးပေးခန်းတစ်ခုနှင့် အလယ်တန်း(ကျောင်းခွဲ) တစ်ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသည့် ရွာတစ်ရွာဖြစ်ပါသည်။ NUG အစိုးရ ပေါ်ပေါက်လာပြီးသည့်နောက် ပဇီကြီးရွာသည် NUG ကို အစိုးရအဖြစ်သတ်မှတ်ပြီး ပြည်သူ့အုပ်ချုပ်ရေး  ဖော်ဆောင်ခဲ့တဲ့ရွာ တစ်ရွာဖြစ်လာခဲ့သည်။ NUG ၏ ကြားကာလ ပညာရေးအစီအစဉ်ဖြင့် ရွာရှိ လူငယ်များသည် ကျောင်းသူ၊ ကျောင်းသားများကို စာပြန်သင်ပေးခဲ့ကြသည်။

အချက်အလက်တွေအရ ပဇီကြီးကျေးရွာသည် ကန့်ဘလူမြို့နယ်ထဲက သာမန်ရွာလေးတစ်ရွာဟု ဆိုနိုင်သော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် ပဇီကြီးသည် KIA နှင့်  PDF တို့ အဓိက စစ်ရေးလှုပ်ရှားသည့် စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတောင်ပိုင်းကို လက်နက်ခဲယမ်းပို့ရန် အဓိက စခန်းထောက်နေရာအဖြစ် ရေးသားဖော်ပြထားပါသည်။ ထိုစွပ်စွဲချက်ကို ရွာသားများက ငြင်းဆန်ထားသည်။ 

PDF တပ်ဖွဲ့ဝင်သည်ပင် များများစားစားမရှိဘဲ ရပ်ရွာကာကွယ်ရေးအတွက် ဖွဲ့ထားသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းငယ်ရှိသည်ဟု ရွာသားတို့က ဆိုသည်။

PDF တို့ စခန်းတည်နေရာ၊ NUG ရုံးစိုက်ရာ နေရာဟု ဆိုကာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့​ပြီး NUG ကမူ ထိုနေရာတွင် အရပ်သားများသာ ရှိသည်ဟုဆိုထားသည်။ ကလေးငယ်များ အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့သော ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝန်း ရှုံ့ချခဲ့ပြီး စစ်ကောင်စီနှင့် NUG တို့ကလည်း နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုများ ရှိသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှု၊ NUG ၏ သတင်းထုတ်ပြန်မှု နှင့် ရွာသားများ၏ ပြောဆိုမှုတို့မှာ ကွဲလွဲချက်များရှိနေပြီး စစ်ကောင်စီနှင့် လော်ဘီတို့ အပါအဝင် မတူညီသော အဖွဲ့အစည်းအသီးသီး၏ သတင်းထုတ်ပြန်၊ ဝါဒဖြန့်ပုံစံတို့ကို လေ့လာဆန်းစစ်နိုင်ရန် ထိုဖြစ်ရပ်ကို လေ့လာဆန်းစစ်မှုကို တင်ပြလိုက်ပါသည်။

Read More – https://theredflagmedia.org/air-strike-on-pazi-gyi-case-study/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .